ခင်ဗျားကတော့ ထင်မှာပဲ။
လူတိုင်းသိတဲ့အလွဲဆိုတာကိုများ ပြောနေရသေးတယ်လို့။ စဉ်းစားကြည့်ပါ။
တော်တော်များများက ကိုယ်ပြောနေတဲ့ အကြောင်းအရာရဲ့ အမှန်တရားကို
အငြင်းမခံချင်တော့ရင် ပဲဖြစ်ဖြစ် တစ်ဖက်သား ပါးစပ်ပိတ်သွားအောင်ပဲ ဖြစ်ဖြစ်
ပြောချင်လာရင် ကြို ပိတ်ထားတတ်တဲ့ စကားလေးက `လူတိုင်းသိပါတယ်ကွာ..
ဒီကိစ္စက...` ဆိုတာလေးနဲ့ စကားချီလို့ စတင်ပြီး
ပေါက်တတ်ကရတွေပြောကြပါတော့တယ်။ တစ်ခါတစ်ရံမှာ ရှုပ်ထွေးတဲ့..
သံသယဖြစ်ဖွယ်ကောင်းတဲ့ ကိစ္စများဟာ.. လူတိုင်းသိတယ်ဆိုတဲ့စကားကြောင့်
အမေးအမြန်းလွတ်သွားတတ်ပါတယ်။
အများသိကြတဲ့အတိုင်းပါပဲ..။ စပါးအထွက်လျော့နည်းလာပါတယ်။ (ဘာကြောင့် လဲ။ မိုးနည်းလို့လား။ လယ်သမားမစိုက်လို့လား။ စက်သုံးဆီမလုံလောက်လို့လား။ လယ်တွေပျက်လို့လား။ ဟယ်... မမေးတော့ပါဘူး။ သူများတွေက သိပြီး ငါမသိရင် ထမေးရမှာ ရှက်စရာကြီး..။ စပါးဈေးတက်တော့လည်း တက်ဈေးပေါ့။)
လူတိုင်းသိပါတယ်။ ဆရာဝန်တွေက ပိုက်ဆံနောက်ပဲလိုက်နေကြတယ်ဆိုတာ။ ( ဟင်..တကယ်ကြီးလား။ ငါသိတဲ့ဆရာဝန်တွေတော့ ဒီလိုမဟုတ်ပါဘူး။ ဘယ်သူကများ ဒါကို လေ့လာထားပါလိမ့်။ လေ့လာထားတယ်ဆိုတာလည်း မတွေ့မိပါဘူး။ အို.. သူများတွေတောင် သိတယ်။ ငါမသိရင် ရှက်စရာကြီး..။ ဟုတ်တယ်။ ဆရာဝန်ကောင်တွေ ကောင်း ကိုမကောင်းဘူး။)
ကဲ... ဘာပဲဖြစ်ဖြစ် အကြောင်းအရာတစ်ခုခုကို လူလက်ခံအောင်လုပ်ဖို့သေချာတဲ့ အလွဲတစ်ခုတော့ ဖြစ်ပါတယ်။ သံတူကြော င်းကွဲလေးတွေ ရှိပါသေးတယ်။ `ကလေးတောင်သိတယ်` `လူပိန်းတောင်သိတယ်။` `သူများတွေတောင်သိတယ်။` `ဆိုက်ကားသမားတောင်သိတယ်`
ဒီလိုလေလေးနဲ့ အစပျိုးလို့ လာပြီဆိုရင်တော့ သေချာတယ်။ သံသယဖြစ်ဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို အမေးအမြန်းမထူပဲ လက်ခံအောင်ပြောချင်နေပြီဆိုတာပါပဲ။
လူတော်တော်များများဟာ.. ဒီအလွဲကို ကောင်းကောင်းအသုံးချပြီး.. အငြင်းပွားမှုတော်တော်များများကို ဖြေရှင်းကြပါတယ်။ တစ်ခါတစ်ရံမှာ ပျော်တော်ဆက်ကြပါတယ်။
လူပျက်နှစ်ယောက်က နောက်တစ်ယောက်ကြားလောက်အောင်အော်ပြောပါတယ်။ အေး.. တို့မင်းသမီးလေကွာ.. အရူးတောင်သိတယ်။ လို့ပြောလိုက်တော့ နောက်လူပျက်တစ်ယောက်က ဟေ့ လုပ်ပါဦးကွ.. တို့မင်းသမီး ဘာဖြစ်လို့လည်း.. လို့ ဝင်မေးတော့ ... စပြောတဲ့လူပျက်က... အာ...မှားလို့ဟေ့ အရူးကလွဲရင် ကျန်တဲ့သူတွေသိတယ်ကွ..။
ဒီအထဲမှာရှိတဲ့ တစ်ချို့သောလူကြီးမင်းများလည်း သိကြပါတယ်။ ဒီကိစ္စဘယ်ကနေစတယ်ဆိုတာကို..။ တကယ်တော့ ... ကျွန်တော်တို့ ကုမ္ပဏီ ပျက်စီးရာပျက်စီးကြောင်းကို ဘယ်သူတွေလုပ်နေတယ်ဆိုတာကို.. တွေးခေါ်မြော်မြင်တတ်တဲ့ လူတိုင်းမြင်နိုင်ပါတယ်။ ကျွန်တော်တို့ အရင်းမကိုက်တာဟာ ဒါကြောင့်ပါ....။ (တောက်... ရှယ်ယာတွေတော့ ပါသွားပြီ။ ဘာကြောင့်မှန်းလဲမသိ..။ မသိတာပြောမိရင်လည်း မတွေးတတ်မခေါ်တတ်ဖြစ်ဦးမယ်။ ခံဟ)
ဟုတ်ကဲ့.. အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဒီအလွဲလေးကတော့ နေ့စဉ်ဘဝမှာ ကြုံခဲ့၊ ကြုံဆဲ၊ ကြုံလတ္တံ့ ဆိုတာကတော့ လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားနေပါပြီ။ သံသယကြီးတဲ့သူတွေ အဖို့တော့ လက်မခံနိုင်မှန်း ကလေးတောင်သိပါတယ်ခင်ဗျာ..။ ပိုသိသာတာကတော့ ဒီလိုလူတိုင်းသိတဲ့ အလွဲလေးတွေကြောင့် စိတ်ကသိကအောက် အဖြစ်မခံကြပါနဲ့ဆိုတာကို လူပိန်းတောင်နားလည်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား.....။

No comments:
Post a Comment