(ဒီအကြောင်းအရာလေးက management and leadership အကြောင်းဆွေးနွေးတုန်းက မောင်ဂုရု တရားဝင် စာတမ်းတင်ပြီး ဆွေးနွေးထားတဲ့အကြောင်းအရာလေးပါ။ )
မောင်ဂုရုတို့ တောက အိမ်က တိုက်ခံအိမ်အမျိုးအစား၊ မော်လမြိုင်အိမ်ပုံစံပေါ့။ အောက်ဖက်က အုတ်ညှပ်တိုက်.. အပေါ်ရောက်တော့မှ သစ်သားတွေနဲ့ပါ။ ရှေ့မှာ ဝရန်တာနဲ့ ဘေးကနေ လှေကားနဲ့ အပေါ်တက်ရတာပေါ့။ မောင်ဂုရုတို့က အပေါ်မှာ လူနေပါတယ်။ အောက်ထပ်မှာတော့ ဟိုဟာထား၊ဒီဟာထား၊ ထားစရာမရှိရင် ပြောင်သလင်းခါနေတာပေါ့။ အိမ်ကြီးကတော့ တော်တော်ဟောင်းနေပါပြီ။ ဒါပေမယ့် တိုင်တွေက ပျဉ်းကတိုးတိုင်တွေဗျ။ တိုင်လုံးကြီးတွေ။ ဒီဘက်ခေတ်မှာတော့ ဘယ်လိုမှ ဆောက်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒီအိမ်ကြီးကလည်း မောင်ဂုရု တို့ ဘိုးဘွားတွေလက်ထက်က ဆောက်ခဲ့တာပါ။ သူတို့ လွန်တော့ မောင်ဂုရုအဖေအမေများက အမွေရတာပေါ့။ မောင်ဂုရုတို့ အဖေအမေများ ရိုးရိုးလခစားလေးတွေ ကျောင်းသား ၃ ယောက် ကျောင်းထားနေရတာ။ ဘယ်ဆောက်နိုင်မတုံး။ ဒါမျိုးအိမ်ကို။( ဒါက background situation and rationale ပေါ့။ နောက်တစ်မျိုး situational analysis ပေါ့။) ဒီအိမ်ကြီးမှာက ဘာကောင်းလည်းဆိုတော့ ကျယ်တယ်ဗျ။ အိမ်ရှေ့ကနေ အိမ်နောက်ထိ အကျယ်ကြီးပဲ။ မောင်ဂုရုတို့က အပေါ်ထပ်မှာပဲနေတာတောင် တစ်ယောက်တစ်ခန်းနေနိုင်တဲ့ အပြင် အခန်း လွတ်တွေ ရှိသေးတယ်။ အိမ်မကြီး အလယ်မှာက အဖေ ကျူရှင်သင်သေးတယ်။ အောက်ထပ်က တော့ အလွတ်ပဲ။ (strength and opportunity analysis လေးပါ။) မကောင်းတာက တံခါးပေါက်တွေများတယ်။ လူကလည်းနည်းတော့ အဲဒီတံခါးပိတ်ဖို့ကို တစ်ယောက်နဲ့ တစ်ယောက် တွက်ကပ်နေကြတာပဲ။ ၁၉၉၀ နောက်ပိုင်းကျတော့ ဆေးသုတ်ရတာတစ်ခုပိုလာတယ်။ အိမ်ကကြီးတော့ ဆေးတစ်ခါတစ်ခါ သုတ်ရတာ သိပ်မလွယ်လှဘူး။ ဟိုးတုန်းကတော့ ရေနံချေးလေးဘာလေးသုတ်လိုက်တာပေါ့။ နောက်ပိုင်းကျတော့ တော်ကြာ အနီရောင်သုတ်ခိုင်းလိုက်၊ တော်ကြာ အစိမ်းရောင်သုတ်ခိုင်းလိုက်နဲ့ ခဏခဏ ပြောင်းခိုင်းတော့ တော်တော်လေးခွကျပါတယ်။(ဒါကတော့ weakness ပေါ့။) ညအိပ်တော့မယ်ဆိုရင် တံခါးလိုက်ပိတ်ရတာက အလုပ်တစ်ခု။ ကြောက်နေရတာက မီးရေးထင်းရေးရယ်၊ သူခိုးရယ်ပဲ။ အပေါ်က သစ်သားတွေဆိုတော့ မီးရေးထင်းရေးက တော်တော်စိုးရိမ်ရပါတယ်။ (ဒါလေးက threat analysis ပေါ့။)
ဒါပေမယ့်ဗျာ.. သိတယ်မဟုတ်လား။ ကိုယ့်အိမ်ဆိုတော့ ခေတ်ဆန်စေချင်တယ်။ သာသာယာယာ ဖြစ်စေချင်တယ်။ သူများတွေကြည့်လိုက်ရင် ခမ်းနားစေချင်တာပေါ့ဗျာ။ (ဒါက ဖြစ်ချင်တာ what should be ပေါ့ဗျာ။) တကယ်တန်းကျတော့ တော်တော်လေးကြာမှ သိလာရတာက ခြတွေတက်နေတာဗျ။ အရင် ရေနံချေးပဲသုတ်တုန်းကတော့ မသိဘူး။ နောက်ပိုင်း ဟိုအရောင်မှ ဒီအရောင်မှ ဖြစ်လာတော့မှ ခြတွေက ကောင်းကောင်း လိုက်လာတာ။ (ဘာ ဖြစ်နေတယ်ဆိုတဲ့ what is ပါ။) အဲဒီမှာ ဇာတ်လမ်းစတာပဲ။ ပြသနာစတက်တော့တာပဲ။ ( problem is the gap between what is and what should be)။ ခြက အောက်ခြေမှာ ကျတော့ မြင်သာတယ်ဗျ။ အုတ်နံရံဆိုတော့ လမ်းကြောင်းလေးတွေ မြင်နေရတာကိုး။ အပေါ်လည်းရောက်ရော သစ်သားတွေထဲဝင်သွားပြီး အတွင်းက လှိုက်စားတော့တာပဲ။ ဘယ်လောက်ခြကိုက်နေပြီလဲဆိုတာ အမြင်လေးနဲ့တော့ လုံးဝ မသိဘူးဗျ။ လိုက်ခေါက် ကြည့်မှသိတာကိုး။ ဆင့်တန်းတွေထိ တက်ပြီး ခေါက်ကြည့်ဖို့ဆိုတာကလည်း မလွယ်လှဘူးဗျ။ ( နောက်ထပ် ပြသနာကို ထပ်ပြီး problem situational analysis and problem SWOT analysis ထပ်လုပ်ထားတာပါ။ ) အဲ.. ဒါပေမယ့်။ သူ့အပေါ်ကမျှားတန်း က ပိပြီး ချိုင့်သွားရင်တော့ တက်မခေါက်ကြည့်ပဲလည်း ခြတက်နေပြီဆိုတာ သိရတာကိုး။ ဒါကလည်း ဖြစ်တောင့်ဖြစ်ခဲပါ။
အဲဒီလိုတွေ ဖြစ်လာတဲ့အခါကျတော့.. တံခါးပိတ်တွက်ကပ်တာရယ်၊ မီးရေးထင်းရေးရယ်၊ သူခိုးကပ်မှာစိုးရိမ်ရတာရယ်၊ ခြစားတာရယ်၊ ပြသနာ ပေါင်းစုံကို ဘယ်ဟာ အရင် ဖြေရှင်းရမလဲဆိုတာ ဆုံးဖြတ်ကျတာပေါ့ဗျာ။ (problem prioritization လုပ်လိုက်တာပါ။ FINER method တို့ subjective and objective method တို့ကတော့ ရိုက်ရတာ လက်ညောင်းလို့ မထည့်တော့ပါဘူး။) နောက်ဆုံးကျတော့ ခြက အရေးအကြီးအဆုံး ဖြစ်လာတာပေါ့။ ဒါနဲ့ တစ်ခါထပ်ပြီးတော့ ခြဘယ်လိုတက်တယ်။ ဘယ်ကနေတက်တယ်။ ခြလမ်းကြောင်း ဘယ်လိုရှိတယ်။ အကုန်ပေါ့ဗျာ။ ခြနဲ့ ပါတ်သက်တာ အကုန် ကြည့်ရတာပေါ့။ အဲဒီမှာ တွေ့လာတာက ခြက အောက်ထပ်မှာ သိသာတယ်ဗျ။ မြင်သာတယ်။ ရှင်းရတာလည်း လွယ်တယ်။ လမ်းကြောင်းလေး ပွတ်ချေပြီး ဒီဇယ်လောင်းလိုက်ရင် ပြတ်တာပဲ။ နေပေရော့ အဲဒီလမ်းကြောင်းကတော့ နောက် ၂ လ ၃ လ ပြန်မတက်တော့ဘူး။ ခြကလည်း အောက်ထပ်မှာ ကျတော့ လောက်လောက်လားလား စားလောက်စရာမရှိဘူးလေ။ တိုက်ခံအိမ်ကိုး။ သူက အပေါ်တက်ဖို့ လမ်းကြောင်းရှာတာသက်သက်ပဲဟာ။ တစ်ခုပဲ။ ဒီလမ်းကြောင်းဖျက်လိုက်ရင် နောက်လမ်းကြောင်း ရှာပြီးတက်ပြန်တာပဲ။ ဒါပေမယ့် စောစောကအတိုင်းပဲ ရှင်းလိုက်ပြန်ရင် နေပေရော့ ၂ လ ၃ လ။ ခက်တာက အပေါ်ထပ်မှာပဲ။ သစ်သားပေါ် ရောက်တာနဲ့ ခြက မမြင်ရတော့ဘူး။ အတွင်းထဲ ဝင်သွားလိုက်တာ ဘယ်လို လမ်းကြောင်းက သွားမှန်းကို မသိတော့တာပဲ။ အမြင်နဲ့တင် ပြောလို့ မရတော့ဘူး။ လိုက်ခေါက်ကြည့်ရတယ်။ လှိုဏ်သံပါရင် ခြစားနေပြီ။ လှိုဏ်သံမပါရင် ခြမစားသေးဘူးပေါ့။ ဒါပေမယ့် တကယ်တန်း အပေါ်တက်ပြီး လိုက်ခေါက်နေတော့လည်း အဆင်မပြေဘူးဗျ။
စိတ်ထဲမှာ မသေချာဘူးပေါ့။ ရမ်းသန်းပြီး ပြောနေရသလိုပဲ။ သေချာပေါက် ကျွမ်းကျင်တဲ့သူရဲ့ သုံးသပ်ချက်လိုတာပါ။ ဒီတော့ လမ်းထိပ်က လက်သမားဆရာကို ခေါ်ပြီး ဘယ်တန်းတွေ ဘယ်ဆင့်တွေ ဘယ်ယောက်တန်းတွေ ဘယ်မျှားတန်းတွေ ခြစားနေသလဲ ဆိုတာ ပြရတယ်။ သူက တော့ တန်းပြောတာပဲ။ အမြင်လေးနဲ့ တင် ဟိုတန်း ဒီတန်းပေါ့ဗျာ။ ယုံစရာတောင်မရှိဘူး။ အမြင်လေးနဲ့ ပြောတာ။ ဘယ်လက်ခံမလဲ။ မောင်ဂုရုတို့ အဖေက နောက်တစ်ယောက် ထပ်ခေါ်ဆိုခိုင်းတာပဲ။ နောက်တစ်ယောက်လာလဲ။ ဒီလိုပဲ။ ကြည့်ယုံပဲ ကြည့်ပြီးပြောတာပဲ။ ပထမလူပြောသွားတာတွေပါပဲ။ ဒါနဲ့ နောက်ဆုံးတော့ ကိုယ်တိုင်တက်ပြီးခေါက်ကြည့်။ ဟုတ်တယ်ဗျာ။ သူတို့ ပြောတာတွေ အကုန် ကွက်တိ။ (Problem situational analysis and problem identification နဲ့ use of out-source person ပေါ့ဗျာ။ trust management တို့ policy adjustment တို့ လည်း ပါသေးတာပေါ့။ )
အဲဒီတော့ ခြစားနေတာတော့ သေချာပြီ။ ဒီခြတွေကို ဘယ်လို လုပ်မလဲ။ ခြတက်နေတဲ့ တန်းတွေ ကို ဖယ်ပစ်လိုက်ယုံနဲ့တော့ မဖြစ်သေးဘူး။ တက်ဆဲ၊ တက်လတ္တံ့၊ ခြတွေကိုပါ ရှင်းမှပဲ ခြပြသနာ ပြေလည်မှာကိုး။ ဒီတော့ အပိုင်း (၂) ပိုင်းခွဲပြီး ကိုင်တွယ်မယ်လို့ လျာထားလိုက်တာပေါ့။ ခက်တာက မြေကြီးထဲက ခြကို ဘယ်လို ရှင်းမလဲ မသိဘူးဗျ။ ပြီးတော့ ခြတက်နေတဲ့ တန်းတွေကို မဖယ်တတ်ဘူး။ ဖယ်လိုက်ရင် ပြိုကျမှာလေ။ ဒီတော့ တတ်သိနားလည်တဲ့သူကို ခေါ်ပေါ့။ လုပ်တတ်တဲ့သူကို ခေါ်တော့လည်း အလကားတော့ ဘယ်ရမလဲ။ ပိုက်ဆံဘယ်လောက်ကုန်မလဲ ဆိုတာက လည်း အရေးပါလာပြန်ရော။ ဟာ … ဈေးတွေလိုက်မေး၊ ကုန်ကျစရိတ် အကြမ်းတွက်ခိုင်း၊ လုပ်ရတာပေါ့ဗျာ။ (limitations and resource assessment လေးလုပ်ရတာပေါ့ဗျာ။ pros and cons တွေကိုလည်း တစ်ပါတည်းလုပ်တာပေါ့။) အဲဒီတော့မှ ကိုယ့်ရှိတဲ့ ပိုက်ဆံလေးနဲ့ ချိန်ပြီး တန်းလဲတာတော့ လူခေါ်လုပ်မယ်။ မြေကြီးထဲက ခြကိုတော့ ကိုယ်တိုင်ဆေးပြားထည့်ပြီး သတ်မယ်။ စသည်စသည် လုပ်ရမယ့် အလုပ်လေးတွေပေါ်လာတယ်။ ဘယ်အချိန်မှာ ဘာပြီးအောင်လုပ်မယ်။ ဘယ်လောက်ပြီးအောင်လုပ်မယ် ဆိုတာတွေ ပါ အပြီး လုပ်ရတာပေါ့။ ဟုတ်တယ်လေ။ တော်ကြာ တန်းလဲပြီး ပိုက်ဆံမရှိလို့ လူမရှိလို့ ဆိုမြေကြီးထဲက ခြ မသတ်ရင် တော်ကြာကျ ပြန်တက်၊ အပေါ်တန်းခြပြန်စားနဲ့ ဂျာအေးကို သူ့အမေရိုက်နေမှာလေ။ (Objective defining, activity plan, methodology, operational cost and feasibility လုပ်နေတာလို့တော့ ဘုတ်အုတ်ကြီးမှာ ပြောတာပဲ။)
ဟုတ်ကပြီ။ စတော့မယ်ဆိုတော့မှ။ ဟာ.. စလို့မရသေးဘူး။ ဘယ်သူက ဘာလုပ်မှာလဲ။ လာထား… မောင်ဂုရုတို့အဖေက ခြနှိမ်နှင်းရေး ကော်မတီ CEO ပေါ့ဗျာ။ အမေကတော့ finance and supply management director ပေါ့။ အကို အကြီးဆုံးကတော့ တန်းလဲတာကြီးကြပ် ပေါ့။ အကိုအလတ်က မြေအောင်းခြ သတ်ပေါ့။ မောင်ဂုရုကတော့ သူတို့အားလုံးခိုင်းတာ တောက်တိုမယ်ရလုပ်ပေါ့။ ဒီလို လူတွေ တာဝန်ခွဲလိုက်တာကိုး။ (organizing man power, delegation of authority, စတာတွေနဲ့ effective management ရအောင် ဆောင်ရွက်ခြင်းပေါ့။)
လာပါပြီ။ စလုပ်ပါပြီ။ ဇာတ်လမ်းက ခုမှစတာ။ မောင်ဂုရုတို့ အကို အကြီးဆုံးက လက်သမားကို ဈေးသက်သာတာ ငှား။ ပိုက်ဆံပိုပြ။ သစ်သားသိပ်မကောင်းတာတွေဝယ်။ အကောင်းဈေးတင်။ ရတတ်သလို ဗုန်းတဲ့ အခါကျတော့ တန်းတွေလဲပြီးတော့မှ အမိုးက နိမ့်တဲ့နိမ့်၊ မြင့်တဲ့နေရာမြင့် ဖြစ်နေရော။ လတ်တလောတော့ ခြကင်းစင်သွားပါရော။ အကို အလတ်က သိပ်ရစရာမရှိတော့ ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့၊ အချိန်ဆွဲပြီး မုန့်ဖိုးပိုတောင်း၊ ဆေးရှားလို့ လိုက်ရှာနေရတာဆိုပြီး မုန့်ဖိုးပိုတောင်းနဲ့ ကြာလာတော့ အမေက နင့်ဟာက မဟုတ်သေးပါဘူးဟယ်။ ငါ့မှာ တန်းတွေလဲလိုက်ရလို့ ပိုက်ဆံနည်းနေပြီ၊ ပြီးတော့ သူများအသက်သတ်ရတာ အကုသိုလ် ကြီးပါတယ် ဆိုပြီး မြေအောင်းခြများကို ဆက်မသတ်တော့ဘူးဗျ။ နောက် ထပ်တက်တဲ့ ခြကမှ ပိုတောင် ဆိုးသေး။ သစ်ပွတွေဆိုတော့ ကောင်းကောင်းဝင်ရတာလွယ်တာလေ။ ပိုတောင် ကောင်းသေး။
နောက်ဆုံးဖြစ်ရပ်အနေနဲ့ မောင်ဂုရုတို့အဖေ ရာထူးတိုး အလုပ်ပြောင်းရတဲ့အခါကျတော့ အိမ်ကို ပိတ်မထားတော့ပဲ အပြီးရောင်းလိုက်ပါတော့တယ်။
(Planning မှာ သေချာလုပ်ခဲ့ပေမယ့်၊ Implementation ရော Evaluation မှာရော သေချာ မလုပ်မိတဲ့ အခါကျတော့ မောင်ဂုရုတို့ ငွေကုန် အရာမရောက် ဖြစ်ခဲ့ရပါတယ်။ ခု ဒီ ဘလော့ဂ်ကိုလည်း မောင်ဂုရုက အစအဆုံးရေးရမှာ ဖြစ်ပေမယ်လို့ စာမေးပွဲတုန်းက planning ပဲ hot spot ထွက် လို့ အဲဒါပဲ ကျက်ခဲ့မိတဲ့ အတွက် အဲဒီအထိကို မေးခွန်းနဲ့ ကိုက်ယုံပဲ ဖြေတတ်ပါတယ်။ ဆက်ပြောရင် ပို မှားမှာ စိုးလို့ ဆက် မပြောတော့ပါဘူး။ ဒီလောက်နဲ့ ရပ်ခွင့်ပြုပါ။ နောက်များမှ ဘုတ်အုတ်ကြီး ယောင်ယမ်းလို့ ဖတ်မိတော့မှ ဆက်ပြောပါ့မယ်။ )
Reference:
Google မှာ general principles of management ရယ် general principles of leadership ရယ် လို့ ရိုက်လိုက်ရင် ရလာတာတွေ ကို ကိုးကားထားပါတယ်။
Thursday, January 28, 2010
ဒါဖတ်ပြီးမှ… အိမ်ထောင်ပြုပါ.. (ဟေ..ဟေ့)
တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ… ဗမာမှရယ်မဟုတ်ပါဘူး။ ဘယ်သူမဆို လူမှန်သမျှ အရေးကြီးတယ်လို့ ခံယူ ထားကြတာချည်းပါပဲ။ ခုမြင်ခုကြိုက် ခုယူ ဆိုတာတွေလည်း ရှိသလို… သေချာ စဉ်းစားစောင့်ကြည့်လေ့လာ သုံးသပ်အကဲခတ် မှတ်ကျောက်တွေ တင်ပြီးတော့မှ ယူကြသူတွေလည်း ရှိတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တစ်မိသားနဲ့ တစ်မိသား နှစ်ကိုယ့် နှစ်စိတ် တစ်အိပ်ယာထဲ ရွှေလည်တွဲလို့ ထမင်းရည်ပဲ လျက်လျက်.. ဟိုတယ်ပဲတက်တက်.. ရေရှည်ပေါင်းသင်းလာတဲ့ အခါကြတော့ … အမြင်မတူတာတွေ သဘောထားမတိုက်ဆိုင်တာတွေ ဖြစ်လာပြီး… အလိုမကျတာ… အလိုမမျှတာ… အပေးအယူမကိုက်တာလေးတွေကြောင့်… ဒေါသထွက် အမျက်သို.. မလိုလားနိုင်တာတွေဖြစ်လာတာပေါ့။ (ဆရာလုပ်တယ်မထင်ပါနဲ့။ အကောင်းပြောနေတာ။ ဟို နောက်ဆုံးတန်းက ကလေးတွေ ငြိမ်ငြိမ်နေကြ။)
အဲဒီတော့ ဘယ်လိုလေးတွေ ကြိုတင်ပြင်ဆင်ထားရင် ကောင်းမလဲ ဆိုတာ မောင်ဂုရုစဉ်းစားမိတာလေးပါ။ သမီးရည်းစား ဖြစ်ပြီး တွဲဖို့လောက်တော့ မောင်ဂုရုပြောတာတွေ နားထောင်မနေနဲ့တွဲသာတွဲ… ကွဲသာကွဲ… မင်းကောင်မလေးကို ခေါ်လာခဲ့ ငါတို့က ပြဲမှာပဲ။ အဲ… လူသိနတ်ကြား ပုဆိုးတန်းတင် အကြင်လင်မယား အဖြစ် ပေါင်းသင်းတော့မယ်ဆိုရင်တော့.. ဆက်ဖတ်ပေါ့နော…။
အိမ်ထောင်ပြုတော့မယ်ဆိုရင် လူယောကျာင်္းရော၊ လူမိန်းမရော ထည့်စဉ်းစားသင့်တယ်ထင်တာလေးတွေပါ။ သဘောမတူတော့လည်း.. သဘူမတောနဲ့ပေါ့ဗျာ.. ဘာပြောစရာရှိမှာတုန်း… မောင်ဂုရုတို့ က အကောင်းအကြံပေးတာ။
(၁) ပညာအဆင့်အတန်း
ကိုယ်ယူမယ့်သူရဲ့ ပညာအဆင့်အတန်းကလည်း လိုတာပဲဗျ။ ခင်ဗျားတို့ဘယ်လောက်ပဲ ဗမာပြည်ရဲ့ ပညာရေးကို ကောင်းတယ်ထင်ထင် မကောင်းဘူးထင်ထင်။ ဒီလိုခေတ်ထဲမှာ ဆယ်တန်းလေးမှ အောင်မထားရင် လိပ်ပက်လက်လှန်ထားသလို.. အဲလေ.. ဆယ်တန်းလေးမှ အောင်မထားရင် သူငယ်ငယ်က ဘာလုပ်နေတာတုန်းလို့ မေးရမှာပဲ။ မိသားစု အခြေအနေ၊ ဘဝပေးကံတို့ ပြောမယ်ဆိုရင် ခဏအောင့်ထားဦး၊ မောင်ဂုရုကတော့ အနည်းဆုံး ကိုယ်ယူမယ့်သူက ဆယ်တန်းလောက်တော့ အောင်သင့်တာပေါ့။ ကိုယ်တိုင်က မအောင်ရင်တော့ ဒီအချက်ထည့် မစဉ်းစားနဲ့။ သာတူညီမျှဖြစ်ဖို့တော့ လိုသေးတယ်လေ။
(၂) ငွေကြေး
ကိုယ့်နဲ့ သိပ်မကွာတာက ပိုကောင်းတယ်။ သိပ်ဆင်းရဲလွန်းတာ သိပ်ချမ်းသာလွန်းတာ တွေက အပေးနဲ့ အယူမှာ မမျှတ ဘူးလို့ ထင်တတ်တယ်။ အဲဒါတွေက စကားနာ ထိုးစရာ ဖြစ်လာပြီး … ဖင်မဲတာမမဲတာတွေတောင် မသိခင်က ကွဲတတ်တယ်ပေါ့ဗျာ..။
(၃) မိဘဆွေမျိုး
သူ့အသိုင်းအဝိုင်း ကိုယ့်အသိုင်းအဝိုင်း သင့်တင့်နိုင်ပါ့မလား ကြည့်ရသေးတယ်ဗျ။ အို .. ၂ ယောက်တည်းပေါင်းတာပဲ။ သူတို့ချင်း မသင့်မြတ်တော့ ရော ဘာဖြစ်သေးတုန်းလို့ ပြောချင်လည်း ပြော။ တကယ်တော့ ပါတ်သက်စပ်ယှက်မှုလေးတွေတော့ ရှိတာပါပဲ။ လင်မယား ၂ယောက် ရှိတဲ့အတွက် လင်ဘက် မယားဘက် ဆိုတဲ့ ဘက်၂ဘက်ကတော့ အနည်းနဲ့အများပါလာတာပါပဲ။ လင်ပိုစားလို့ မယားကြည်ပေမယ့် လင့်ညီက အသားလွတ် ခဏခဏ ဝင်ကြိတ်သွားတော့ မယားက ညိုညင်..။ လင်ကလည်း ထိုနောင်းလကီးဆိုရင်တော့ ဖင်မမဲကွဲ..ပဲ။
(၄) အတွေးအခေါ်
သူ့အတွေးအခေါ်က ကိုယ့်ထက် သိပ်နိမ့်နေလွန်းရင် လည်း မကောင်းဘူး။ ကိုယ်ဘာပြောလို့ ပြောမှန်း သိမှာ မဟုတ်ဘူး။ ကိုယ်လွယ်လွယ်လေးမြင်တာကို သူ့ပြန်ရှင်းပြနေရတာက တစ်ထောင့်တစ်ည ဖြစ်သွားတာနဲ့ ပဲ ကလေးက ၃ နှစ်လောက် နောက်ကျမှ မွေးရတယ် ဖြစ်နေမယ်။ သိပ်မြင့်လွန်းတဲ့သူကျတော့လည်း ကိုယ်က လိုက်မမှီလေတော့ လိုက် မှီအောင် အတင်းကြိုးစားတော့ ကိုယ်ပဲ စိတ်ညစ်၊ မကြိုးစားပဲ ထားတော့လည်း သူက ပြောလို့ဆိုလို့ မရတော့ သူ့ ဂွင်ရဲ့ အပြင်ကို ရောက်သွားရင်းက လင်မယားချင်း အလှမ်းဝေးပြန်ရော။ ဒါကြောင့် အတွေးအခေါ်ကလည်း မကွာဟလေပါမှ ဖင်လည်းမမဲ… အိုးလည်း မကွဲဖြစ်မှာကိုး။
(၅) အကျင့်စရိုက်
ဒါကတော့ ရှင်းတယ်။ ဒါပေမယ့် အသေးတော့စိတ်တယ်ဗျ။ သူ့အကျင့်၊ ကိုယ့်အကျင့် နည်းနည်းတော့ ကီးကိုက်ဖို့လိုသေးသဗျ။ ကိုယ်က စိတ်ညစ်ရင် ကာရာအိုကေ ကောက်ဆိုပြီး ဖြေဖျောက်တယ်။ သူက စိတ်ညစ်ရင် တစ်ယောက်တည်း ငြိမ်ငြိမ်လေး နေချင်တယ်။ ၂ ယောက်စလုံး ပြိုင်စိတ်ညစ်စရာတွေက နေ့စဉ်နီးနီးရှိနေတော့ တစ်အိမ်ထဲမှာ.. ဘယ်လိုမှ ကီးက မကိုက်ချင်တော့ဘူး။ အဲဒီတော့ ဘာဖြစ်လည်း နောင်ဂျိန်.. နောင်ဂျိန်ပေါ့ဗျာ။ ဆေးလိပ်နံ့တောင် မခံနိုင်တဲ့ မိန်းမနဲ့ ဖွတ်ဖင်ထိုးအောင် သောက်တဲ့ ယောကျာင်္း.. လင်မယားဖြစ်နေတာတော့ တစ်ပုံကြီးပေါ့။ သူတို့တွေ နောင်ဂျိန်တွေ တစ်ပုံကြီးပဲလေ။
(၆)ရုပ်ရည်
ကြည့်ပျော်ရှုပျော်တော့ ဖြစ်ပေါ့ဗျာ..။ ဆိုလိုတာက ယောကျာင်္းလည်း ယောကျာင်္းအလျောက် မိန်းမလည်း မိန်းမအလျောက် တော့ ပီပီပြင်ပြင်လေးပေါ့။ ဒါကို ဆိုလိုတာပါ။ သိပ်ချောလွန်းတော့လည်း စိတ်မချရ၊ သိပ်ရုပ်ဆိုးလွန်းတော့လည်း ပွဲလည်မတင့်…၊ သင့်တင့်ဖို့ဆိုရင် ပိုကောင်းတာပေါ့။
(၇) ကလေး
ကလေးလိုချင်တာ မလိုချင်တာကလည်း မျှဦးမှ။ ကိုယ်က လိုချင်၊ သူကမလိုချင်ဆိုရင် သူများဝင်ကူမှ ကလေးတစ်ယောက် မွေးတော့မှာပေါ့။ (မဟုတ်ပါဘူး။ ချက်ကို လက်နဲ့ လာရစ်ပေးမှ ကလေးမွေးတာကို ပြောတာပါ။)
(၈)ရိုးသားမှု
မောင်ဂုရုဆိုလိုတဲ့ ရိုးသားမှုဆိုတာ ရိုးဖြောင့်တာကို ပြောတာပါ။ ထုံအတဲ့ ရိုးအတာကို ပြောတာမဟုတ်ပါဘူး။ ရိုးဖြောင့်တဲ့ အိမ်ထောင်ဖက် ဖြစ်မှလည်း တစ်ဦးကို တစ်ဦး နောက်ကျောလုံမှာကိုး။
(၉) အနာရောဂါ
အနာရောဂါလည်း ကင်းရှင်းဦးမှဗျ..။ ဘယ့်နဲ့ စိတ်ချမ်းသာချင်လို့ အိမ်ထောင်ပြုပါတယ်ဆိုမှ။ လူမမာချည်း စောင့်နေရလို့တော့ မဖြစ်သေးဘူးလေဗျာ။ နောက်ပြီး သိတယ်မဟုတ်လား ခုခေတ်က တယ်လည်း ရောဂါတွေက ကူးတတ်တာကိုး။
ဟာ..ဒီလောက်တောင် ဘယ်လိုလုပ်မလဲ… ရှာနေရမှာပေါ့။ ဖိနပ်ပါး ထမင်းထုပ်ကုန်ပဲ ဖြစ်မှာပေါ့။ လို့ပြောကြရင်လည်းပြောပါ။ ဒီအချက်တွေဟာ ညှိယူရမှာတွေပါ။ ညှိလို့ရမှ အိမ်ထောင်ပြုတော့ ပြသနာတော်တော်များများကို စလယ်တွေဘာတွေ ဝင်တောင် မဝင်ခင်ထဲက ပြေလည်အောင် ဖေခင်လုပ်လိုက်ပြီးသား မဖြစ်ဘူးလားဗျာ..နော။
Reference:
မောင်ဂုရု၏ ထင်ရာမြင်ရာ အတွေးအခေါ်များ အပိုင်း(၂.၈)

Wednesday, January 06, 2010
ဆီကို ရေချိုး.. ဆေးရိုးမီးလှုံ..
မောင်ဂုရုရဲ့ ဒွေးတော်က ကုန်စုံဆိုင်လေး တစ်ဆိုင် ဖွင့်ခဲ့ဖူးပါတယ်။ မီးဖိုချောင်သုံး တွေ အစုံရောင်း တဲ့ အရပ် ဆိုင်လေးပေါ့။ ငါးပြား၊ဆယ်ပြား ခေတ်ဆိုတော့ ဆီငါးပြားဖိုးလည်း ရောင်းတယ်။ ခွဲရောင်းလို့ရတာမှန်သမျှ ရောင်းတယ်။ အင်မတန်ရောင်းကောင်းတယ်။ သူများတွေက ဆီငါးပြားဖိုး မရောင်းတတ်ဘူးဆိုတဲ့ အချိန်မှာ သူ့ဆိုင်မှာ ရတယ်။ လက်လုပ်လက်စား အခြေခံလူတန်းစားတွေက အကုန်သူ့ဆီက ဝယ်ကြတယ်။ အဲဒီဆိုင်လေးကို သူ့သားသမီးတွေက ဆက်ဖွင့်တဲ့ အခါကြတော့ မောင်ဂုရုလည်း မကြည့်ချင်မြင်လျက်သား၊ မသိချင် ကြားလျက်သား၊ ကုန်စုံဆိုင်များရဲ့ အကြောင်းတွေ သိလာရတော့တာပေါ့။
ပြောချင်တာက ဆီအကြောင်းလေးပါ။ ဆီကို နေရာတကာမှာ သုံးပါတယ်။ မောင်ဂုရုတို့ကတော့ ဆီကို ဘယ်လိုပဲ မသုံးပါနဲ့ဆိုပြီး တီဝီကြီးကပဲ အော်အော်၊ အင်တာပဲ ဗျူးဗျူး၊ လောကြီးနဲ့ပဲ ဟစ်ဟစ်၊ စားမှာပဲ။ ဆီမပါပဲနဲ့တော့ ဘာအရသာ ရှိမှာလည်းဗျာ။ ဒီတော့ စားတာပေါ့။ စားတဲ့ဆီက ဘယ်ကဝယ်လဲဆိုတော့ အဲဒီဝမ်းကွဲတွေ ဆိုင်က ဝယ်တယ်။ သူများရောင်းတာက ဈေးသက်သာတယ်ဗျ။ ကျွန်တော်တို့ရောင်းတော့မှ ဈေးကြီးတာ။ ဘာရမလဲ။ ပြောလိုက်ဆိုလိုက်တာဆို နာတတ်တဲ့သူဆို အိပ်ယာထဲကတောင် ထနိုင်မှာ မဟုတ်ဘူး။ မောင်ဂုရုတို့က အကောင်းသာ မပြောတတ်ရှိရမယ်။ စကားနာတော့ ထိုးသလားမမေးနဲ့။ ဒါပေမယ့် အမဝမ်းကွဲကတော့ အေးဆေး။ ဈေးကလည်း ကြီးမြဲ။ ဒါနဲ့ မသိမသာ အိမ်လည်သွားသလိုလို ဘာလိုလို နဲ့ တစ်စေ့တစ်စောင်းအကဲခတ်တော့မှ၊ ကျွန်တော့်ကို ဈေးကြီး တင်ရောင်းမှန်း သိတော့တယ်။
ဒီလိုဗျ၊ မောင်ဂုရုက ပဲဆီပဲ စားတာဆိုတော့ ဆိုင်မှာ ရောင်းတဲ့ ပဲဆီကို မရောင်းဘူး။ သူ့ဟာသူ မှာတဲ့ ပဲဆီကို အရင်းအတိုင်း ပြန်ပေးတာ။ အဲဒီ ပဲဆီက လှော်ပဲဆီဆိုတဲ့ ဆီ။ မြေပဲကို လှော်ထားတာပေါ့ဗျာ။ ပြီးမှ ဆီကြိတ်ထားတာ။ အဲဒါက အစစ်။ ဈေးက အလွန်ကြီး။ အဲဒီအတိုင်းပြန်ရောင်းရင် သူက အထားမခံတာရယ်။ (၂ ပတ်လောက်ကြာရင် အနယ်ကျပြီး ဆီချေးစော်နံလာရောဗျ။) ဈေးကြီးလို့ မဝယ်ကြပဲ ကြာကြာထားရလို့ ပျက်စီးမှာရယ်ကြောင့် အရောအနှောလေးလုပ်ရောင်းတယ်။
ဘယ်လိုရောလဲဆိုတာပြောပြချင်လို့ပါ။ လက်ရှိ ပဲဆီ တံဆိပ်တပ်ထားတာမှန်သမျှ ဒီအတိုင်းလုပ်ကြတာပဲ။ သူက နည်း အများကြီးရှိတယ်။ အဓိက ၂ နည်းကို လူသုံးများတယ်။
(၁) ဆုံဆီ (သို့) လှော်ပဲဆီ ရောနည်း
စားအုံးဆီ တစ်ပေပါကို မီးတိုက်ပြီး ပျော်အောင်လုပ်လိုက်ပါတယ်။ အဲဒီအခါကျတော့ အဲဒီစားအုံးဆီက ရေခဲသေတ္တာထဲမှာတောင် မခဲချင်တော့ပါဘူး။ အဲဒီ စားအုံးဆီ မီးတိုက် တစ်ပေပါကို ဆုံဆီ (သို့) လှော်ပဲဆီ ၅ ပိသာ နဲ့ ရောနှောလိုက်တဲ့ အခါမှာ အပ်ချလောင်း... ပဲဆီ ဖြစ်သွားလေသတည်း။.....
(၂) ပဲဆီနံ့ရောနည်း
စောစောက စားအုံးဆီ မီးတိုက် တစ်ပေပါကို တရုတ်မှ လာသော ပဲဆီနံ့ ကို ရောတဲ့နည်းပါ။ အဲဒီပဲဆီနံ့ ဆိုတာက ပယ်နယ်ဆီလင် တစ်ပုလင်းစာကို မြန်မာငွေ ကျပ် တစ်သောင်းခွဲခန့် ပေးရပါတယ်။ အဲဒီ အနံ့ကို ရောလိုက်တာနဲ့ အပ်ချလောင်း... ပဲဆီစစ်စစ် အိမ်အရောက် ဖြစ်သွားပါတော့တယ်။
ဒါကိုလည်း တွေ့ရော မောင်ဂုရု အမဝမ်းကွဲကို ဘာမှ မပြောတော့ဘဲ ခုလို လူမသိသူမသိ နေရာလေးမှာ လာရေးရတာပါခင်ဗျာ။
တကယ်လို့များ သူငယ်ချင်းများက ပဲဆီ စစ်စစ်လေးများစားချင်တယ်ဆိုရင် အောက်ပါအချက်များကို လိုက်နာကြပါ။
(၁) တောက အမျိုးများကို အဆက်မပြတ်ပါစေနဲ့။ (ဒါမှ ဆုံဆီစစ်မှာလို့ရမှာကိုး)
(၂) ဆီစက်ပိုင်တဲ့သူကို ကောင်းကောင်းမိတ်ဆွေဖွဲ့ထားပါ။ (ဒါလည်း ဖြစ်တယ်။)
(၃) ဘယ်လိုမှ မဖြစ်နိုင်ရင် ကိုယ့်ဟာကိုယ် ဆီကြိတ်စားပါ။ (ဒါကတော့ အသေချာဆုံးပဲ။)

Tuesday, January 05, 2010
ဗမာ..ပြက္ခဒိန်
ကူးလိုက်ကြတဲ့ နှစ်သစ်ကူး... တစ်နှစ်ပတ်လုံးနီးနီး နှစ်သစ်ကို ကြိုနေလိုက်ကြတာ.. ဒါနဲ့ ဗမာလို နှစ်သစ်ကူးတာက ဘာလို့များဧပြီလ မှာချည်း ဖြစ်နေရတာလဲဆိုပီး လိုက်ရှာတာ ဘယ်မှာ မှ မတွေ့ဘူး။ wiki မှာလည်း လတွေရဲ့ ရက်ကွာခြားတာပဲတွေ့တယ်။ ဘယ်သူမှ အရေးတယူလုပ်ပြီး တင်ပုံမရဘူး။ မောင်ဂုရုကိုယ်တိုင်လည်း ဗမာတွေ ဘယ်လို နှစ်ကူးလည်း ဗမာဖြစ်ပြီး သက်တမ်းသာ တစ်ဝက်ကျိုးလာတယ်။ အမှန်အတိုင်းဝန်ခံတာပါ။ သိကို မသိတာ။ ခုကျခါမှ.. ကျောက်ထပြီး သိချင်လာပါရော။ ဒါနဲ့ လိုက်ရှာတော့ ဓါတ်နက်ကြီးရဲ့ ချောင်တစ်ချောင်မှာ J.C. Clancey (ဗမာလိုဆိုရင်တော့ ကလန်စီပေါ့ဗျာ။ ကလန်ကြီး ဦးစီပေါ့။) ဆိုတာက ၁၉၀၂ ခုနှစ်မှာ ရေးထားတဲ့ Burmese Calendar ဆိုတာလေးတွေ့တယ်။ ဖတ်လို့မရသေးဘူး။ သိုးဆောင်းပါဠိလိုတွေ ရေးထားလို့။ ဦးထွန်းငြိမ်း အဘိဓါန်ကြီးကို လှန်တော့မှ ဖတ်လို့ရတယ်။ ဒါလည်း နားမလည်ပါဘူး။ နားလည်သလောက်လေး ပြန်ရေးတာ။ မှားနေတာ အကောက်အယူလွဲနေတာရှိရင် ပြင်ပေးကြပါ။ ဝမ်းမြောက်ဝမ်းသာ လက်ခံပါ့မယ်။
ဗမာပြက္ခဒိန်တွက်တာက ဟိန္ဓူတွေဆီက ငှားထားတဲ့ တွက်နည်းပါ။ နေတစ်ခြမ်း လတစ်ခြမ်း တွက်ချက်ခြင်း ဖြစ်ပါတယ်။ အပိုင်း ၂ ပိုင်း ပါဝင်ပါတယ်။ အခြေခံအားဖြင့် မြင့်မိုရ်တောင်ကို နေလ တွေက လှည့်ပတ်နေကြတယ်ဆိုတဲ့ ယူဆချက်ကို ယူထားပါတယ်။ ဒီတောင်ကြီးကို တကယ်ရှိတယ်။ မရှိဘူးဆိုတာ ငြင်းဖို့မဟုတ်ပါဘူး။ သို့သော် လတ္တီကျု၊ လောင်ဂျီကျုတွေ တကယ်ရှိမရှိလိုပဲ သဘောထားမယ်ဆိုရင် ကျေနပ်မှာပါ။ ဒီတောင်ကြီး ရှိမှ တိကျတဲ့ အချိန်ကာလတွေကို တွက်လို့ရပါတယ်။ အဲဒီတောင်ကြီးကို အညီအမျှ ၁၂ စိတ်၊ စိတ်ပိုင်းလိုက်တော့ ၃၀ ဒီကရီ ဆီ ရပါတယ်။ အစိတ်တစ်စိတ်ကို ရာသီတစ်ခုပေါ့။ အစဦးဆုံးရာသီကို မိဿလို့ခေါ်ပါတယ်။ အဲဒီမိဿရာသီအစ ကို နေ(တနင်္ဂနွေ ဂြိုဟ်)တစ်လုံးလုံး ဝင်လာတာကနေ နှစ်တစ်နှစ်ကို စတင်ရေတွက်ပါတယ်။ နေက ပတ်ရင်း ပတ်ရင်းနဲ့ နောက်ဆုံးရာသီဖြစ်တဲ့ ဓနုရာသီကနေ မိဿကို စအဝင်မှာ သင်္ကန္တ စကျပါတယ်။ မိဿထဲကို နေတစ်လုံးလုံး ဝင်သွားတဲ့အချိန်မှာ သင်္ကန္တ ကုန်ပါပြီ။ နှစ်တစ်နှစ်ကို ကူးပြောင်းသွားပါပြီ။ နေ(တနင်္ဂနွေ ဂြိုဟ်)မိဿ ရာသီကို ဘယ်အချိန်မှာ စဝင်သလဲသိဖို့ တည်နေရာတွေကို နက္ခတ်တွေနဲ့ တွက်ပါတယ်။ အားလုံးပေါင်း နက္ခတ် ၂၇ လုံးက လ (တနင်္လာဂြိုဟ်) ကို ဝန်းရံခစားနေပါတယ်။ (အတွင်းတာရာ၊ အပြင်တာရာ ရှိပေမယ်လို့ အချိန်တွက်ချက်ရာမှာ မသုံးပါဘူး။) ။ အဲဒီ နက္ခတ် တွေရဲ့တည်နေရာ ကို အကြောင်းပြုပြီး နေသွားလမ်း၊ တည်နေရာကို တွက်ပါတယ်။ အတိအကျပြောရရင် နှစ်စဉ် ဧပြီလ ၁၅ ရက် ၁၆ ရက်များမှာ နေ(တနင်္ဂနွေ ဂြိုဟ်)ဟာ မိဿရာသီထဲကို အပြည့်အဝဝင်သွားပါတယ်။ ဒါကြောင့် သင်္ကြန်ဟာ နှစ်တိုင်း ဧပြီလမှာပဲ ဖြစ်ပါတယ်။ ယေဘူယျ အနေနဲ့တော့ အချိန်နာရီ အတိအကျကို နေ တစ်ခြမ်းနဲ့တွက်ပါတယ်။ နေသွားလမ်းကို စတင်ရေတွက်ချိန်က သန်းခေါင်ချိန်တစ်ခုကနေ သန်းခေါင်ချိန် တစ်ခု အကူးကို တွက်ပါတယ်။
ဒီလို နေ(တနင်္ဂနွေ ဂြိုဟ်)ရဲ့ တည်နေရာကို တွက်တဲ့ နည်းပေါင်း ၃ နည်းရှိပါတယ်။
(၁) သူရိယသိဒ္ဓန္တ
သမုဒ္ဓရာဇ်မင်း (AD 78) မှာ စသုံးတဲ့ နည်းဖြစ်ပါတယ်။ဟိန္ဓူတွေဆီကနေ တိုက်ရိုက်ယူထားတဲ့ နည်းဖြစ်ပါတယ်။ မတိကျဆုံးနည်း ဖြစ်ပါတယ်။
(၂) မကာရန္တ
ပုပ္ပါးစောရဟန်းမင်း (AD 639) က သူရိယသိဒ္ဓန္တ နည်းကို အတိုချုံးပြီး ကွာဟချက်များကို ပြန်လည်ပြင်ဆင်ကာ သက္ကရာဇ် ၁ ကနေ စတင်ပြီး ပြင်ဆင်လိုက်ပါတယ်။ ဗမာလိုတော့ သက္ကရာဇ်ဖြို လိုက်တယ်ပေါ့ဗျာ။ အတိအကျပြောရရင် AD 639 March 22nd midnight 00:24:36 မှာ သက္ကရာဇ် ၁ ခု တန်ခူးလဆန်း တစ်ရက်နေ့ နံနက် ၀နာရီ ၀ဗဟို လို့စတင်ရေတွက် လိုက်ပါတယ်။ ခုလက်ရှိ ကောဇာ သက္ကရာဇ် က ပုပ္ပါးစောရဟန်းမင်းစခဲ့တဲ့ သက္ကရာဇ် ဖြစ်ပါတယ်။ ဒါကြောင့် ဗမာနှစ်ကို သိချင်ရင် ခရစ်နှစ်ကနေ ၆၃၈ နှုတ်ရင် ဗမာနှစ်ကို ရပါတယ်။
(၃) သံဒိဌ
ပုဂံမင်း (AD 1203) လက်ထက်မှာ ညောင်ကန်ဆရာတော်ကနေပြီးတော့ အနည်းငယ်မတိကျမှုများကို ပြန်လည်ပြင်ဆင် တွက်ချက်နည်းအဖြစ် ပြုပြင်ထားတဲ့ လက်ရှိအတိကျဆုံးနည်း ဖြစ်ပါတယ်။ လက်ရှိသုံးနေတဲ့ စနစ်လည်း ဖြစ်ပါတယ်။ သက္ကရာဇ်ဖြို ခြင်းမရှိပါဘူး။
အဲဒီနည်းတွေနဲ့တွက်လိုက်တဲ့ အခါမှာ နှစ်တစ်နှစ်ရဲ့ စုစုပေါင်းကြာချိန်ဟာ ၃၆၅ ရက် ၁၅ နာရီ ၃၁ ဗီဇနာ ၃၀ ကာယ ဖြစ်ပါတယ်။ စက်နာရီအရဆိုရင်တော့ ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၉ စက္ကန့် ဖြစ်ပါတယ်(မကာရန္တနည်း)။ လက်ရှိ နှစ်တစ်ပတ်လည်ကြာချိန်ကတေ ကြာချိန်က တော့ ၃၆၅ ရက် ၅ နာရီ ၄၈မိနစ် ၄၇.၅၈၈ စက္ကန့် ဖြစ်ပါတယ်။ အဲဒီအနည်းငယ် ကွာဟချက်ကို
ပြင်ဆင်လိုက်တဲ့ အခါမှာတော့ ၃၆၅ ရက် ၁၅ နာရီ ၃၁ ဗီဇနာ ၃၁ ကာယ ၂၄ အဏုကာယ ဆိုပြီး ဖြစ်လာပါတယ်။ ညောင်ကန်ဆရာတော် ရဲ့ ပြင်ဆင်ချက်ဖြစ်ပါတယ်။ သံဒိဌနည်းမှာ ပို တိကျလာတယ်ဆိုတာပါ။
ဒါတွေက အချိန်ကို အတိအကျတွက်တာတွေပါ။ ဒါပေမယ့် လူသုံးဖို့ ရက်တွက်တာကတော့ လတစ်ခြမ်းပေါ်အခြေခံပါတယ်။ လတစ်ခု ကွယ်သွားရာကနေ နောက်တစ်ကြိမ်ကွယ်တဲ့ အထိကို တစ်လ လို့ ယူပါတယ်။ အဲဒီအခါမှာ လဆန်း နဲ့ လဆုပ်ဆိုပြီး အပိုင်း ၂ ပိုင်းဖြစ်လာပါတယ်။ လဆန်းကနေ လပြည့်ထိ တစ်ပိုင်း လဆုပ်ကနေ လကွယ်ထိ တစ်ပိုင်းပေါ့။ လဆန်းကနေ လပြည့်ဖို့က ၁၅ ရက် အတိအကျပါပဲ။ လဆုပ်ကနေ လကွယ်ဖို့က ၁၄ ရက် (သို့) ၁၅ ရက် ရှိပါတယ်။ တစ်ချို့လများမှာ ၁၄ ရက် တစ်ချို့လများမှာ ၁၅ ရက် မှာ လကွယ်ပါတယ်။ တန်ခူးလ ကစလို့ တစ်လကျော်ဆီ ၁၄ ရက် နဲ့ လကွယ်ပါတယ်။ အဲဒီလို လတွေမှာ တစ်လကို ၂၉ ရက်ပဲ ရှိပါတယ်။ (ရက်မစုံလ လို့ ခေါ်ပါတယ်။) ကဆုန်လ ကစလို့ တစ်လကျော်ဆီကတော့ ၁၅ရက် ပြည့် ရင် လကွယ်ပါတယ်။ အဲဒီလို လတွေကိုတော့ ရက်စုံလလို့ ခေါ်ပါတယ်။
ရက်မစုံလများ။ ။ တန်ခူး၊ နယုန်၊ ဝါခေါင်၊ သီတင်းကျွတ်၊ နတ်တော်၊ တပို့တွဲ။
ရက်စုံလများ ။ ။ ကဆုန်၊ ဝါဆို၊ တော်သလင်း၊ တန်ဆောင်မုန်း၊ ပြာသို၊ တပေါင်း။
ဒါကြောင့် ပုံမှန်နှစ်များမှာ လတွေကို ပေါင်းလိုက်ရင် ၃၅၄ရက် ရပါတယ်။ နေသွားပုံအရတွက်တဲ့ နှစ်က ၃၆၅ ရက် ၁၅ နာရီ ဖြစ်တဲ့ အတွက် လနဲ့ ရေတွက်တဲ့ အချိန်က နည်းနေပါတယ်။ ဒါကြောင့် သူ့ရာသီနဲ့ သူ့လ ကိုက်အောင်လို့ ဝါထပ်ပေးရပါတယ်။ ဝါထပ်တယ်ဆိုတာ လတစ်လ တိုးပေးလိုက်တာပါပဲ။ ဝါထပ်တာမှာ ဝါကြီးထပ်တာနဲ့ ဝါငယ်ထပ်တာဆိုပြီး ၂ မျိုး ရှိပါတယ်။ ဝါငယ်ထပ်တဲ့ နှစ်မှာ တစ်နှစ်ကို ၃၈၄ ရက် ရှိပြီးတော့ ဝါကြီးထပ်တဲ့ နှစ်မှာ တစ်နှစ်ကို ၃၈၅ ရက် ရှိပါတယ်။ ဝါကြီးထပ်တဲ့ နှစ်မှာ တစ်ရက်ပိုတာပေါ့။
ဝါဘယ်နှစ်တွေ ထပ်ရမလဲဆိုတာကို အတိအကျရှိပါတယ်။ ဝါထပ်ဖို့အတွက် ၁၉ နှစ်တစ်ကြိမ်လှည့်ပါတယ်။ (Metonic cycle)။ ခုနှစ်တွေကို ၁၉ နှစ်စီစဉ်ပြီး ၃၊ ၅၊ ၈၊ ၁၁၊ ၁၃၊ ၁၆၊ ၁၉ ကြိမ်မြောက်ကျတဲ့ နှစ်များဟာ ဝါထပ်တဲ့ နှစ်များ ဖြစ်ပါတယ်။ အဲဒီ နှစ်တွေထဲမှာမှ တစ်နှစ်ကျော်ဆီ ဝါကြီးထပ်ပါတယ်။ ၃၊ ၈၊ ၁၃၊ ၁၉ နှစ်မြောက် နှစ်များဟာ ဝါကြီးထပ်တဲ့ နှစ်ဖြစ်ပါတယ်။ ဝါကြီးထပ်တဲ့ နှစ်မှာ ပိုတဲ့ တစ်ရက်ကို နယုန်လမှာ ပေါင်းထည့်လိုက်ပါတယ်။ ဒါကြောင့် ဝါကြီးထပ်ရင် နယုန်လဟာ ရက်စုံလဖြစ်ပါတယ်။ ဝါထပ်တဲ့ နှစ်တွေမှာတော့ ဝါဆိုကို ပထမ နဲ့ ဒုတိယဝါဆို ဆိုပြီး ၂ လ ဖြစ်သွားပါတယ်။ ရခိုင် မှာတော့ ပထမနဲ့ ဒုတိယ တန်ခူးလ ဆိုပြီး တွေ့ရပါတယ်။ ဘာပဲ ပြောပြော ရက် အဟကို ပြန်ဖြည့် ပေးမှ ရာသီဥတု နဲ့ လတွေ ကိုက်မှာကိုး။ ဒီတော့ ပြန်ဖြည့်တာပေါ့။
၂၀၁၀ ခုနှစ်ဟာ ဝါကြီးထပ်တဲ့ လဖြစ်ပါတယ်။ ၃ကြိမ်မြောက်ကျပါတယ်။ ဒါကြောင့် နယုန်လဟာ ရက်စုံလ ဖြစ်ပါတယ်။ ဒါဆို ၂၀၁၅ ကျမှ နယုန်လဟာ ရက်စုံလ ပြန်ဖြစ်မှာပါ။
လရဲ့ ပျမ်းမျှ ကြာချိန် ကိုတွက်ထားကတော့ ၂၉ ရက် ၁၂ နာရီ ၄၄ မိနစ် ၂.၃၈၉၈ စက္ကန့် ဖြစ်ပါတယ်။ ဥရောပ တွက်နည်းအရတော့ ၂၉ရက် ၁၂ နာရီ ၄၄ မိနစ် ၂.၈၈၆၃၆၈ စက္ကန့် ဖြစ်ပါတယ်။ ကွာဟချက်ကို တွေ့မှာပါ။
ရေတွက်ပုံများနဲ့ ပါတ်သက်လို့တော့ မောင်ဂုရု သေချာမသိတဲ့ အတွက် မပြောပြနိုင်တာကို ခွင့်လွှတ်ပါလို့။
သို့သော်လည်း ဗမာ..ပြက္ခဒိန် ကလည်း သူ့ဟာနဲ့သူ တိကျသလို... ဟိန္ဓူတွေ ဆီက ငှားရမ်းထားပေမယ့် လက် ရှိဟိန္ဓူ နည်းတွေက ပြင်ဆင်ချက်များ မြောက်များစွာနဲ့ ပြောင်းလဲလာတဲ့ အတွက် လက်ရှိဗမာ့နည်းဟာ ဟိန္ဓူနည်းထက် ရှေးပိုကျကြောင်း မှတ်တမ်း မှတ်ရာများ တွေ့ရှိရပါတယ်။
Reference:ှ
http://adsabs.harvard.edu/full/1906Obs....29...54C
http://archiv.ub.uni-heidelberg.de/savifadok/volltexte/2009/254/pdf/C_.pdf
http://www.archive.org/stream/catalogueofburme00brituoft/catalogueofburme00brituoft_djvu.txt
http://www.nationalarchives.gov.uk/A2A/records.aspx?cat=059-iorv_11-4&cid=-1&Gsm=2008-06-18

ဂုဏ်ရယ်.. ထမင်းရယ်... နဲ့ ငပျင်းရဲ့ ဆင်ခြေ...
သိုးဆောင်းလို “Glory” ဗမာလိုတော့ “ဂုဏ်” (ဘာသာပြန်တာမှားရင်ခွင့်လွှတ်၊ မောင်ဂုရုရဲ့ ဆရာတစ်ယောက် က မောင်ဂုရုကို အမြဲအားပေးသလို၊ မှားရင်လည်း ချက်ချင်း ပြောတတ်လွန်းလို့ပါ။) ဆိုတာ လူတိုင်းကြိုက်တဲ့ အရာတစ်ခုပါ။ အနီတို့ရဲ့ ဆရာကြီး၊ လက်ရှိလည်း နီတယ်လို့ ပြောနေသေးတဲ့ China ရဲ့ ထုဆစ်သူ Deng Xiaoping (ရွှေလိုတော့ တိန့်ရှောင်ဖိန်ပေါ့လေ) က To get rich is glorious ပါတဲ့။ လူတန်းစားညီရပါမယ်လို့ တစ်သံတည်း ရေရွတ်ခဲ့ကြတဲ့ ကွန်တွေက နေပြီးတော့ ချမ်းသာ ရင် ဂုဏ်ရှိတာပဲဟေ့လို့ ထလည်း ပြောလိုက်ရော...။ ဟာ... ဘာပြောကောင်းမလဲ လက်ခုပ်သံဆိုတာ ဖြောင်းဖြောင်းထနေတာပဲ။ အံမယ်.. ဆက်ပြောသေးဗျာ...။ Let some people get rich first ဆိုပဲ။ ဒါဆို ရင် ဒီလူတွေ ချမ်းသာလာမှ စရိတ်မျှပေးလိုများ ပြန် မျှခိုင်းမှာလား စိုးရိမ်တုန်းရှိသေး။ ကိုကို တိန့် က ဆက်လက် မိန့်တာက ဟေ့.. ကြောင်မည်းတယ် ဖြူတယ် လာမပြောနဲ့ ကြွက်ဖမ်းနိုင်ဖို့သာ အရေးကြီးတာတဲ့ဗျာ..။ (It doesn't matter if a cat is black or white, so long as it catches mice. ) ။
မောင်ဂုရုက ဖြုတ်ဦးနှောက် နဲ့ စဉ်းစားတယ်။ လူသာ အများကြီးရှိတယ်။ ဆန်ပြုတ်တောင် နပ်မှန်အောင် မသောက်နိုင်တဲ့ တိုင်းပြည်က ချမ်းသာဖို့တို့ ကြွက်သေဖို့တို့ ပြောနေပါရော့လား။ ဘာနဲ့ လုပ်မှာလည်း ပေါ့။ ခု ဖြစ်စပြုနေတာကို ခဏမေ့ပြီး စဉ်းစားကြည့်တာပါ။ သူက တစ်ခါတည်း လုပ်မယ့် လမ်းကြောင်းပါ ပြောတာခင်ဗျ။ ခုအပြင်ရောက်နေတဲ့ တရုတ်ကျောင်းသားထောင်ချီပြီး ပြန်လာတာနဲ့ တရုတ်ဘယ်လို ကိုယ့်ကိုယ်ကို ပြောင်းမလဲဆိုတာ ခင်ဗျားတို့ မြင်ရမယ် ဆိုပဲ။ (When our thousands of Chinese students abroad return home, you will see how China will transform itself. ) တစ်ခါတည်း ရှင်းသွားတာပဲ။ သူက ရင်းနှီး မြှုပ်နှံမှုကို လူမှာ လုပ်ထားတာ။ ပြောတုန်းကတော့ သူလည်း သူ့တစ်သက်မြင်ချင်မှ မြင်ရမယ်လို့ ထင်ပုံပဲ။ ဒါပေမယ့် သေချာတော့ သိတယ်။ ဟော.. သူ ၁၉၉၇ နှစ်စပိုင်းမှာ သေတယ်။ ဒါပေမယ့် အလားအလာတွေကို မြင်သွားတယ်။ ဒါပဲလေ။ ဘယ်မှာ ရင်းနှီး မြှုပ်နှံရမယ်ဆိုတာ သိဖို့ပါပဲ။
ဒီလို ကြီးကြီးကျယ်ကျယ် တွေ ကို သက်တမ်းနဲ့ အပြိုင် တွေ့လာတော့ မောင်ဂုရုလည်းပဲ သွေးနားထင်ရောက် ဘဝင် ငယ်ထိပ်ဆောင့်ပြီး ... လာထား .. ယောင်္ကျားတို့ ဘုန်း မိုးသို့ချုန်း .. ကိုယ်တုံးလုံး ကျန်လည်း အလံ မခိုး.. အဲ... အလံမလှဲ.. ဒါလည်း မဟုတ်သေးဘူး။.. အဲ.. ကိုယ်တုံးလုံးကျန်လည်း အပ်ချည်ကြိုး ခါးတောင်းကျိုက်နေမဟဲ့ဆိုပြီး...။ နင်လားငါလား စီမံကိန်းတွေ ချ..။ အကောင်အထည်တွေ ဖေါ်တော့တာပေါ့။ နှစ်တို နှစ်ရှည် နှစ်စက နှစ်မတိုမရှည် စီမံကိန်းယူမလား။.. အထူးစီမံကိန်း.. မထူးတစ်ထူး စီမံကိန်း... ထူးကို ထူးမယ့် စီမံကိန်းတွေ ပေါင်းစုံနဲ့.. လာမပြောနဲ့.. အဲဒီအချိန်မှာတော့ မောင်ဂုရုမှ မှန်တာ...။ ဘယ်သူမှ မမှန်ဘူး။ နေ့ချင်းညချင်း သူဌေးကြီး ဖြစ်တော့မယ်ဆိုတဲ့နိမိတ်ကို ယူ ပြီး သူဌေးကြီး ဆိုတဲ့ လက်ဘက်ရည်ဆိုင် ကလေးကို ကောက်ဖွင့်၊ အန္တိမရည်မှန်းချက်က သူဌေးကြီး ဖြစ်ဖို့၊ (ဟေ..ဟေ့...) ၊ ကိုယ်တိုင်က အလုပ်ကလည်း မထွက်နိုင်၊ လက်ဘက်ရည်ဆိုင်လည်း မဦးစီးနိုင်၊ လက်ရှိထမင်းစားနေတဲ့ ပယောဂဆေးခန်းလေးလည်း လက်မလွှတ်ချင်၊ အံမယ်.. ကျောက်ထပြီး ခွေးကြီးမှ လက်ပေးသင်သလို “Life-long learning” ဆိုတာကို လက်ကိုင်ထားလို့ အတန်းကျောင်းကလည်း ပြေးတက်လိုက်သေးနဲ့ (ကျည်ပွေ့ က အတက်တော့ ပေါက်ပါရဲ့ အပင်ကမပွင့်တဲ့ အပင်၊ ခုတ်ပြန်ရင်လည်း သစ်တော ဥပဒေအရ အချုပ် ၃ လ) ဆပ်ပြာသည် လင်ပျောက်တာအပြင် လင်နောက်လိုက်သွားတဲ့ သမီး ၂ ယောက် အိမ်ပြန်ရောက်လာသလိုပဲ။ ပြာယာကို ခပ်နေတာပဲ။ ရှိသေးတယ်။ မိသားစုကလည်းရှိတော့ မိသားစု ဘဝလေးကိုလည်း ခံစားချင်သေးတယ်။ (ဆရာမ) ဂျူးပြောတဲ့ ရွှေအိုရောင်ညနေခင်းလေးတွေကိုလည်း ရွှေအိုရောင် အရည်လေးနဲ့ မှီဝဲလိုက်ရမှ ဘဝဆိုတာ လေးနက်တယ်ထင်သေးတာကိုး ။ (ဒါကို မောင်ဂုရုရဲ့ ဆရာကတော့ ခင်ဗျားတို့က ပညာတတ်ဥာဉ်မှ မဖျောက်နိုင်တာကိုးလို့ အဘိယာစကပြုလိုက်ပါသေးဗျား။) ဒီတော့ အလှမ်းကျယ် အလယ်လပ်။ မျောက်သစ်ကိုင်းလွတ်သလို ဟိုမရောက် ဒီမရောက်။ စိတ်ကူးထဲကတိုက်အိမ်လေးနဲ့ ထမင်းကြမ်း ယပ်ခပ်စားနေရပေမယ့် ဘယ်သူဘာပြောမလဲ။ လာထား... ပေးစရာဆင်ခြေရော.. ဆင်ကိုယ်လုံးရော... ဆင်ကောင်ကြီး... ဆင့်ယောက်ဖ.. ဆင့်ခယ်မ.. ကြိုက်တာပြော.. ပေးဖို့ အဆင်သင့်။ ဆရာကြီး ကိုတာကလည်း အလုပ်တွေ အများကြီးလုပ်တဲ့သူကို ချီးကျူးတယ်ဆိုတာကလည်း ဆင်ခြေထဲမှာပါသေးတယ်။
နောက်ဆုံးတော့ ဘာဖြစ်လဲ...။ ကိုယ့် ဆင်ခြေတွေနဲ့ကိုယ် လုံးလည်ချာလည်လိုက်ပြီး ကိုယ့်ဟာကိုယ်ထမင်းငတ်နေတော့တာပေါ့။ လူကသာ စားစရာမရှိတယ်။ မာနကတော့ တစ်ပြားသားမှ မလျှော့။ မလိုဘူး။ ဘာညာ..သာရကာပေါ့။ သိတယ်မဟုတ်လား။ ကိုယ့်ဟာကိုယ်တော့ စိတ်ထဲကနေ အင်း.. ဂုရု.. အိတ်ကပ်လည်းပြား... လူလည်းဖားပီ.. မင်းဘာများ အဖြစ်ရှိလို့လည်း...လို့ အပြစ်ကတင်နေပီ။ လေလုံးကတော့ လုံးဝမလျှော့ဘူး။ ခုထိ မောင်ဂုရုကိုလာမေး.. ဘာကူရမလဲဆို.. မောင်ဂုရုကတော့ ပြန်ပြောလိုက်ဦးမယ်။ ကျွန်တော်ကရော.. ဘာပြန်ကူညီရမလဲဗျာလို့..။ သိတယ်မဟုတ်လား။ မောင်ဂုရုတို့က မာနနဲ့ အသက်ရှင်နေတာ။ ဦးတိန့်တို့ပေးတဲ့ မဟာအဆိုအမိန့်တွေနဲ့ ရှင်သန်နေတာ။
ဒါပေမယ့်ဗျာ... တစ်ခုပါပဲ။ မောင်ဂုရုသိချင်တာ.. အလုပ်မလုပ်ပဲ အလကားနေရင်း ပိုက်ဆံရမယ့် အလုပ်လေးများရှိရင် အကြံပေးစမ်းပါ။ လိုချင်လွန်းလို့ပါ။
Reference:
http://www.brainyquote.com/quotes/authors/d/deng_xiaoping.html

Subscribe to:
Posts (Atom)