Saturday, February 01, 2014

သို့.... အမေ...

အမေ..
အမေဆုံးတာ ၄ နှစ်ကျော်ပြီနော်... သားဆီ တစ်ခါမှ ဖုန်းဆက်ဖေါ်တောင် မရဘူး... ခုဆို ဟန်းဖုန်းတွေ အရင်လို ဈေးမကြီးတော့ပါဘူး အမေရဲ့... ၂ သိန်းဆိုရတယ်... အရင်ကလို.. စာအုပ်လေးကိုင် တန်းစီ ငွေသွင်းစရာမလိုတော့ဘူး... အမေရှိတုန်းက ခဲခြစ်ကံစမ်းမဲလိုမျိုး... ကဒ်ပြားပေါ်က ခဲလေးခြစ်ပြီး ဂဏန်းလေးတွေသွင်းလိုက်ရင်... ဖုန်းပြောလို့ရပြီအမေရဲ့... ဒါပေမယ့် မကျေနပ်သေးပါဘူးအမေရယ်... သူများနိုင်ငံတွေမှာ ဖုန်းကဒ်တွေ အလကားပေးတယ်ပြောတယ်အမေရဲ့... တစ်ချို့များဆို... ဖုန်းကဒ် အလကားယူရင်... ဟန်းဆက်ပါ မယူမနေရ ဆိုပြီး လုပ်တာ ဆိုပဲ.. ကြောက်စရာကြီးအမေရာ.. ကျွန်တော်တို့ဆီမှာလဲ... သူတို့ထက်သာအောင်လုပ်ရမယ်အမေရဲ့.... ဆင်းကဒ်တစ်ခုယူရင်... ဖုန်းတစ်လုံး အလကားပေးတာအပြင်... ဇက်ကြောပါဆွဲပေးဖို့အထိ.. ကန်ပိန်းတွေလုပ်ဖို့ သားစဉ်းစားထားတယ်အမေ.....ဟော.. အမေ့ဆီ စာရေးနေရင်းနဲ့.. မီးပြတ်သွားတယ်အမေရယ်.... အမေ မဆုံးခင်ထဲက ပြတ်လိုက်တဲ့မီးဟာ.. ခုဆို... တစ်ပြည်လုံး.. အရင်လိုပဲ အမေ.. ဘာမှ အားမငယ်နဲ့... သားအခု အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး... စီးပွားရေးလေး တစ်ခု လုပ်မလားလို့အမေ...အမေ စိုးရိမ်သလို ဝိသမလောဘ အဓမ္မ အလုပ်တွေ မလုပ်ပါဘူးအမေရယ်... အမေ့သားပဲဟာ.... သားအခု... လျှပ်စစ်တွေ လှောင်မယ် စိတ်ကူးတယ်အမေ... အဝေးပြေးလမ်းတွေမှာ အလှူခံမဏ္ဍပ်တွေ ဖွင့်ပြီး ... လျှပ်စစ် တစ်နိုင်တစ်ပိုင် အလှူခံမယ်အမေ... နည်းယောင်းများယောင်း.. တောင်းပြည်ဆိုသလို... များလာတဲ့အခါကျတော့.. ခုလို နွေရာသီမှာ... လိုနေတဲ့နေရာတွေပြန်လှူလို့ရတာပေါ့အမေရာ.... အင်တာနက်နဲ့ ချိတ်ပြီး... တစ်လ မီးတစ်ပွင့် အလှူဆိုတဲ့ အဖွဲ့ ထောင်မယ်အမေရာ... အခုထဲက ကြိုပြီးသာဓုခေါ်ထားပါအမေ.... အဖွဲ့ဆိုလို့ ပြောရဦးမယ် အမေရေ... သားအခု ဂုဏ်သရေရှိလူကြီး ဖြစ်နေပြီသိလား... အမေဝမ်းသာအောင်လို့ပါ... သူများတွေတော့ လျှောက်မပြောနဲ့နော်... ရှက်စရာ ဖြစ်နေဦးမယ်....သားက အခု တရားဆွေးနွေးသူများအဖွဲ့ ရဲ့ ဂုဏ်ထူးဆောင် နာယက... မြန်မာ ဗုဒ္ဓဘာသာ စကားဝိုင်းရဲ့ အမှုဆောင် အဖွဲ့ဝင်လူကြီး... ဆေးလောက စကားဝိုင်းရဲ့..ယာယီဂုဏ်ထူးဆောင် အဖွဲဝင်.. ကျောင်းသားဟောင်းများ အသင်း ရဲ့ တည်ထောင်သူ... ဆေးလောကစကားဝိုင်း နဲ့ ဆေးပညာမိသားစုရဲ့ အမြဲတမ်း အဖွဲဝင်... အို... အသင်းပေါင်း ၂၀ -၂၅ လောက် ရှိတယ်အမေရယ်.... မအားရပါဘူး... အစုံပဲ.. အစုံပဲ... အားကစား အသင်းတောင်ပါလိုက်သေးတယ် အမေရဲ့... ဆရာဝန်နဲ့ မီဒီယာသမားတွေချည်း သီးသန့် ထိုးတဲ့ လက်ဝှေ့အသင်းမှာလေ... သားက အမြဲတမ်း အဖွဲ့ဝင် ဖြစ်လိုက်သေးတယ်... တစ်နေ့တစ်နေ့.. အဲဒီ ကိစ္စ လုပ်ရတာလဲ မအားရပါဘူး အမေရယ်... အမေ တစ်ခြားသူတွေကို ကြွားလို့ ရအောင်လို့ပါ....တစ်ခြားသူတွေဆိုလို့... အမေ့သားက လူချစ်လူခင်တော်တော်ပေါတာအမေရ... သူငယ်ချင်းတွေကို မနည်းဘူး... ကျွန်တော် ရေနိုင်သလောက် ရေကြည့်တာတောင်.. ၁၇၀၀ ကျော်ရှိတယ်အမေ... နိုင်ငံစုံကပဲ... ဘာသာစကားစုံအောင်ပြောနိုင်ဖို့ သင်ထားရသေးတယ် အမေရေ.... အမူအကျင့်ပေါင်းစုံဆိုတော့... ဂိမ်းပေါင်းစုံ ကစားတတ်အောင် သင်ရသေးတာပေါ့.... သင်တယ်ဆိုလို့.... အခု သား တော်တော်များ သင်နေတယ်အမေရဲ့... အမေရှိတုန်းကလို သိုးဆောင်းစကားသင်တန်းတို့.. ကွန်ပျူတာ သင်တန်းတို့ လောက် မကတော့ဘူး....အခု.. နိုင်ငံရေးလုပ်နည်းသင်တန်းတို့... ၃ မိနစ်အတွင်း မပွပွအောင် ဖွနည်းတို့.... လွယ်ကူလေ့လာ စကရင်ရှော့ပညာတို့... ဟိုကပ်ဒီကပ် သင်တန်းတို့... ဘေးထိုင်ဘုပြောဘောက်ကျနည်းတို့... အစုံပဲအမေရေ့.... ဆရာပေါင်းစုံက သင်ပေးတာ... လူမသိသူမသိကြွားနည်းဆိုတာလဲ သင်ပေးသေးတယ်... ဟိုမရောက်ဒီမရောက် စီမံခန့်ခွဲမှု သင်တန်းဆိုတာတော့ ပြောမနေနဲ့... မွစိတက် ပွစာကြဲ.... မပြောနဲ့ဆိုမှ... ပြောရဦးမယ်... အမေ မမြင်လိုက်ရတဲ့.. ဒီမိုကရေစီဆိုတာ ရနေပြီဆိုလား... ရတော့မယ်ဆိုလား ပြောနေကြတယ်... အမေ.... သားက သိပ်မသိပါဘူး... မသိလို့ မေးတာ... သိပ်မကြိုက်ကြဘူး အမေရဲ့... အမေရော.. သိပြီလား.. သားကို တိုးတိုးတိတ်တိတ်တော့ လာပြောပါဦး... ဘယ်သူကြားကြားမကောင်းဘူးအမေရဲ့... တကယ်လို့မကောင်းဘူးလို့ ပြောမိရင်... ဘယ်သူမဆို စိတ်ဆိုးတတ်တာကလား.... သားကတော့ နေတတ်ပါပြီအမေရယ်... ရှိတာလေးနဲ့ ဝအောင် စားတတ်ပါပြီ...ဝအောင်စားတယ်ဆိုမှ.. သတိရတယ်.. လာဘ်စားမှု တိုက်ဖျက်ရေးတွေ လုပ်နေပြီတဲ့အမေရယ်... အဲသလို လုပ်စေချင်လို့ ဆိုပြီး... ဝိုင်းအထောက်အပံ့ပေးတာက အရင်တုန်းက ကျွန်တော်တို့ လမ်းထဲက ကို လှသန်းလေ... အမေသိတယ်မဟုတ်လား... ခေတ်ပျက်သူဌေး လူလည်လေဗျာ.. လည်လွန်းလို့ သူ့ကို ဖျံသန်းလို့တောင် ခေါ်သေးမဟုတ်လား... ဟိုလူကြီး ကား ရေဆေးပေး... ဖိနပ်တိုက်ပေးနဲ့.. ပါမစ်တွေနဲ့ ချမ်းသာလာတဲ့လူလေ... အဲ.. သူက ဦးဆောင်နေတာတဲ့  ကျွန်တော်တို့ လမ်းထဲမှာ... ဒါပဲ..အမေရယ်... ဖုန်းလေးတော့ ဆက်... ည ၁၂ နာရီကျော်ရင်.. ဆက်ခ တစ်ဝက်တဲ့.. အဲဒီတော့မှ ဆက်အမေ... သားက ၁၁ နာရီမှ မီးလာလို့... အဲဒီအချိန် ဖုန်းအားသွင်းထားတယ်...
အမေ့ရဲ့
သား..
စာကြွင်း။   ။ သြော်... သား ဖုန်းအားသွင်းထားတုန်းကို ဖုန်းပိတ်ထားတယ်နော်အမေ...

ယုတ္တိအမှား (၉)... ကံကောင်းလိုက်တဲ့ ငါ.. ကံဆိုးလိုက်တဲ့ ငါ

ဖြစ်တောင့် ဖြစ်ခဲ ကောင်းတာလေးတွေ ကိုယ့်မှာ ဖြစ်လာပြီဆိုရင်.. ကံကောင်းလိုက်တဲ့ ငါပါလား လို့ ကိုယ့်ကိုယ်ကို ထင်တတ်ကြသဗျ.. မောင်ဂုရု ကိုယ်တိုင်လဲ တစ်သက်နဲ့ တစ်ကိုယ် ထီ လေး တစ်သောင်း ဆု ပေါက်ခဲ့တုန်းက အမယ်.. ငါ ကံဇာတာ တွေ တက်နေပါလားပေါ့.. တစ်ရက်များတော့... လူတစ်ယောက် နဲ့ တွေ့တော့.. ကျွန်တော်က ခဏခဏ ထီ ပေါက်တာ .. ထီ နဲ့ အကျိုး ပေးတယ်.. သိန်းဆု ၃ ခါ... သောင်းဆု ၁၀ ခါလောက် ရှိပြီလို့ ဆိုလိုက်တော့.. အသာလေး ကိုယ့်ပါးစပ် ကိုယ်ပိတ် နေလိုက်ရတယ်...  စိတ်ထဲမှာက တစ်ခုခုတော့ မှားနေတယ်လို့ ထင်တယ်ဗျ... တစ်ဆက်တည်း လျှောက် စဉ်းစားကြည့်လိုက်တယ်...ကမ္ဘာလောကကြီးဟာ.. လူတွေ အတွက် အဆင်သင့် ဖန်တီးထားသလိုပဲ... ခန္ဓာကိုယ်မှာ ရေတွေ အများဆုံး ရှိတော့ လောက ကြီးမှာလဲ.. ရေတွေ အများကြီးပဲဗျ... အင်းဆက်လို သတ္တဝါကြတော့.. ရေဓါတ် ဖွဲ့စည်းမှု နည်းနေတာပဲ.. တစ်ခါ.. လူတွေ အတွက် စားစရာတွေချည်းပဲဗျ... စားမရတဲ့ ဟာတွေ က ခုတ်ဖြတ် ပြီး အသုံးအဆောင် ဖြစ်နေတာချည်းပဲ.. လူတွေ အသက်ရှုဖို့ လေထု ကြီး ရှိနေတယ်ဗျ... ရပ်တည်စရာ မြေကြီး လဲ ရှိသဗျ... လိုတာတွေ လုပ်နိုင်တဲ့ သယံဇာတ ဆိုတာတွေကလည်း ရှိသေးသဗျ... သြော်.. ကမ္ဘာလောက ကြီးက လူတွေ အတွက် အရာရာ ရှိနေပါလား... ဆိုပြီးတော့... တွေးမိတယ်... ( အမှန် မထင်လိုက်ပါနဲ့ ဦးနော်... အမှားဆိုတာ ပြောမလို့ ချီနေတာပါ..)
     အဲဒီ အထဲက လူတွေ မြောက်များစွာကနေ ကိုယ် ကတော့ သူများထက် ထူးထူးခြားခြား ထမင်းလေး နပ်မှန်အောင် စားရ... အိမ်လေး နဲ့ နေရ... ညအိပ်စရာ နေရာလေးရှိ.. အလုပ်အကိုင်လေးကလဲရှိ.. သားသမီးလေးတွေလဲ မငတ်ပဲ... နေရတာ ဘယ်လောက် ကံကောင်းလိုက်သလဲ.. သန်း၁၀၀ လောက် ငတ်နေတဲ့ အထဲ.. ကိုယ့်ကလေးတွေမပါဘူး... အိမ်ခြေရာခြေမဲ့ လူ သန်း ၁၀၀ လောက်မှာ ကိုယ် မပါ..ကိုယ့်မိသားစု မပါဘူး.. ဘယ်လောက် ကံကောင်းလိုက်သလဲ.. သူရို့တွေ သနားစရာပါလား... နဲ့ ကံကောင်းတာတွေ တွေးတွေးပြီးကြည်နူးတဲ့အခါ ကြည်နူးလိုက်......တစ်ခါတစ်လေကြတော့.. တောက် ... ဒီလောက်လူတွေ အများကြီးကြားထဲမှာ... ငါ့အပေါ်မှ ဒီ ငှက်က ချီးပါချရသလား... ဒီလောက် လူတွေ ဖြတ်နေတဲ့ တံတား ငါ ဖြတ်တော့မှ အပေါက်ကျွံရသလား... အမယ်လေး ကံဆိုးလိုက်လေခြင်း... လူ၁၀ ယောက်ထဲက တစ်ယောက် ပဲ အဲဒီနေရာ သွားဖို့ မဲနှိုက်ရတာ ငါ့ကျမှ ပေါက်ရသလား.. ကံဆိုးလိုက်လေခြင်း.. ဆိုပြီးယူကျုံးမရ အပူလုံးကြွ နေတဲ့ အခါများ.. ဒူးနဲ့ မျက်ရည်လေး သုတ်လိုက်နဲ့... ရူးနေမိတာပေါ့ဗျာ... ပုထုဇဉ် ဂုရုကိုး...
       ဒါပေမယ့်... စာရင်းအင်းပညာမှာ ယုတ္တိအမှားအင်မတန် များသဗျ... အဲဒီ ယုတ္တိအမှားထဲမှာ.. အမှားတကာ့ အမှားဆုံးကတော့.. ဖြစ်တန်စွမ်းနဲ့ ဆိုင်တဲ့ ကောက်ချက် တွေ ချပြီဆိုရင်... မှားဖို့များတော့တာပဲဗျို့... ...အပေါ်က ပြောခဲ့တဲ့ ကံကောင်းခြင်း ကံဆိုးခြင်းဆိုတဲ့ ကိစ္စတွေက ဖြစ်တန်စွမ်းတွေကို ပြောနေတာလေ... ဖြစ်တန်စွမ်းနည်း တဲ့အပေါ်မှာ ကောက်ချက် ကို လိုရာဆွဲလိုက်တာနဲ့... မှားပြီဗျို့...

ပထမဦးဆုံး စနှိုက်တာနဲ့ ပထမဆု မဲ ကို နှိုက်မိတာပဲဗျာ.. စဉ်းစားကြည့်.. မဲလိပ်ပေါင်း၃၀၀ ထဲက ပထမဆုကို နှိုက်မိတာဗျ..  (တကယ်က တစ်ခြား မဲလိပ်တွေနဲ့ ဖြစ်တန်စွမ်းကတော့ အတူတူပဲဗျ... ၁/၃၀၀ ချည်းပဲ... ဒုတိယဆုမဲအတွက်လည်း ၁/၃၀၀ ပဲ...  )

ကြံကြံဖန်ဖန်ဟယ်... ညည်းနဲ့ ငါနဲ့ ဒီလောက် လူအများကြီးထဲမှာ လာတည့်တည့်တိုးတယ်.. ရေစက်များ ဆန်းကြယ် ပုံနှယ်... ကိုယ်စောင့်နတ်တွေများ လမ်းညွှန်သလား မသိဘူးဟယ်... ( တကယ်တော့ တစ်ခြားသူနဲ့ ဆုံဖို့ ဖြစ်တန်စွမ်းကလဲ အတူတူပါပဲ... သူ့ကြမှ ဘာလို့ထူးဆန်းလဲဆိုတော့.. သိနေတဲ့ သူ ဖြစ်နေတာကိုး...)ဒီလို မျိုး ဖြစ်တန်စွမ်းနည်းတဲ့ ကိစ္စ မျိုးတွေ ဖြစ်လာတဲ့ အခါမှာ.. သဘာဝလွန် ဖြစ်ရပ်များ.. အဆန်းတကြယ် များ.. တန်ခိုးရှင်များ.. မမြင်ရသော စွမ်းအားများ ကြောင့်ဆိုတဲ့ ကောက်ချက် ချမိတဲ့အခါမှာ.. ယုတ္တိအမှားကို ကျူးလွန်တော့တာပါပဲ.....
--- ရဲ့ တန်ခိုးတော်ကြောင့်.. ကမ္ဘာကြီးမှာ.. လေထုရော.. ရေထုရော.. စားစရာ အသီးအနှံ အကောင်ပလောင်တွေရော အားလုံးက လိုက်လျောညီထွေ ဖန်ဆင်းထားလိုက်တာ... လူတွေအတွက် ချည်းပဲ.. ( ဟုတ်ကဲ့.. တစ်ခြားဂြိုဟ် တစ်ခုက မျက်စိဆယ်လုံးနဲ့.. အမြီး ၃ ချောင်း ပါတဲ့ သတ္တဝါကလဲ... လေထဲမှာ ဆိုင်ရာနိုက်တွေ များနေတာအတွက် ကျေးဇူးတင်ချင် တင်နေမှာပေါ့...)..

       တကယ်တော့... ခေါင်းချည်း ဆက်တိုက်လေးခါကျအောင် ခေါင်းပန်းလှန်တာရဲ့ ဖြစ်တန်စွမ်းနဲ့... ခေါင်းခေါင်းခေါင်းပန်း ဆိုတာ ကျဖို့ ဖြစ်တန်စွမ်းက အတူတူပါပဲ... ၁/၁၆ ပါပဲ... တစ်ခြား အတွဲတွေနဲ့ အတူတူပါပဲ..  အဲသလိုပါပဲ.. ဒါပေမယ့်.. ခေါင်းချည်းလေးခါကျရင် တော့ ဆုတွေ ရမယ်လေ... ဆုရခြင်းနဲ့.. ခေါင်းလေးခါကျခြင်းကြားမှာသာ ဆက်စပ်ထားတာပါ... မမြင်နိုင်တဲ့ စွမ်းအား တွေ လွှမ်းမိုးထားတယ် ဆိုတဲ့ မဆီမဆိုင် မလိုအပ်တဲ့ ကောက်ချက် တွေ ဆွဲလဲဆွဲလိုက်ရော.. ကောင်းကင်ကို ကန်တော့လိုကန်တော့.. ခေါင်းကိုထုလိုထုနဲ့.. မဆိုင်တာတွေ အကုန်လုပ်တော့သပေါ့... ...ဒါမျိုး အမှားဟာ နေ့စဉ် မြင်နေတွေ့နေရတဲ့.. အမှားပေါ့ဗျာ.. အမြင်ကပ်လောက် အောင် ကြွားချင်ရင်လဲ ကျူးလွန်လိုက်တာပဲ.. လူတွေ သနားလာအောင် လို့လဲ.. မြှူဆွယ် လိုက်တာပဲဗျ.....

       သားက ဒီ ဆုကို ရဖို့ကို ကံပါလာသလားထင်ရတယ်... လုံးဝ သရုပ်ဆောင်လုပ်ချင်တာမဟုတ်ဘူး.. ဒီကားမှာ ဘယ်လိုမှ မင်းသား ရှာမရတော့... သားကိုပဲ သရုပ်ဆောင် လုပ်ခိုင်းရတာ.. တကယ်ကို ပါရမီထူးတော့.. တစ်ကားတည်းနဲ့.. ဆုရတာပဲ...(အင်း.. အင်း... ဖြစ်တန်စွမ်း... ဖြစ်တန်စွမ်း...)...

     ဒီကလေးလေးပုံကို ကြည့်ပါဗျာ.. ဒါမျိုးရောဂါဟာ.. အင်မတန်မှ ဖြစ်တောင့်ဖြစ်ခဲ... ပြင်းထန်လိုက်တာများ... မိဘများကလည်း ဆင်းရဲလိုက်တာ ချုံးချုံးကျ.. မျက်နှာမွဲ.. ဒီကလေးမျိုးမှ ဒီရောဂါ ဖြစ်ရတယ်...  (အင်း.. အင်း.. ဖြစ်တန်စွမ်း... ဖြစ်တန်စွမ်း...)...

      ဘုရားဟော ရှိသဗျ... ဒုလ္လဘ တရား ငါးပါးတဲ့.. ဖြစ်တောင့်ဖြစ်ခဲ တိုက်ဆိုင်ခဲသော တရား ငါးပါးပေါ့ဗျာ... ဆိုလိုတာက ဖြစ်တန်စွမ်း အလွန်နည်းပါးသော တရား ငါးပါးပေါ့.. ဘုရားရှင် ကိုယ်တော်မြတ်ကြီးက.. အဲဒီ တရားငါးပါးက တိုက်ဆိုင်ခဲတယ် ဖြစ်တန်စွမ်းနည်းတယ် ဒါကြောင့် တိုက်ဆိုင်တုန်းမှာ.. မလွဲအောင် အားထုတ်ကြပါလို့ တိုက်တွန်းတော်မူသဗျ... အဲဒီလို တိုက်ဆိုင်အောင်.. ဘယ်လို အစွမ်းတွေ က ဖြည့်ဆည်းတယ်လို့ ဟောတော် မမူဘူး...

     တကယ်လို့များ ဒီ ပို့စ်ကို ဖတ်မိရင်.. ကျွန်တော့်ဆရာ.. ဝနေ ကတော့.. တဏှာ. မာန.. ဒိဌိ တွေပေါ့ဗျာလို့ ပြောမှာ သေချာသဗျ.. ဒါပေမယ့်.. သူပဲ... အေနဲ့ ဘီကြားမှာ ဆက်သွယ်မှု ရှိခြင်း မရှိခြင်းနဲ့ ပတ်သက်လို့ မှားနိုင်ခြေ က ၀.၀၀၁ ထက် နည်းတဲ့ အတွက်... ဆက်သွယ်မှု အကြောင်းပြောလို့ ရပါတယ် လို့ ပြောပြောနေရင်းကနေ... မနက်လင်းတိုင်း.. အဆိုးတွေ ပျောက်အောင်.. ပရိတ်ကြီး ရွတ်ရတာလဲ အမောဗျ.... (ပရိတ်ကြီး ရွတ်တာ မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါ.. ပရိတ်ရွတ်လို့ ရလာမယ့် အကျိုးတရားက ရှေ့ကိစ္စ.. ဖြစ်လာတဲ့ ကောင်းခြင်း မကောင်းခြင်းက နောက်ကိစ္စ ဆိုတာကို ပြောတာပါဗျာ..)ဟီးဟီး... အင်တာနေရှင်နယ်.. ပေါက်တတ်ကရ အမှားလေးတွေ ညွှန်ပါရစေ...
http://www.squidoo.com/goodlucksigns

ယုတ္တိအမှား (၈)၊ ချည်ပြီးတုပ်ပြီး

တစ်ခါတစ်လေကျတော့ ကျွန်တော်တို့ က တစ်ဖက်သားကို အများကြီး ရွေးစရာမပေးပဲ ၂ မျိုး ၂ စားပဲ ပေးရွေးခိုင်းလိုက်တယ်... တကယ်ကိုပဲ ၂ မျိုးပဲ ရွေးစရာ ကျန်တယ်ဆိုရင်တော့ မှားစရာ မရှိဘူးပေါ့လေ... ခက်တာက လောကကြီး က အကြီးကြီးဗျ..  မတွေ့ရင်သာ ရှိရမယ်... ရွေးစရာက တစ်ပုံရယ်တဲ့မှ တစ်ပင်.. ကဲ တော်ကီနားလို့ ဥပမာလေး သွားကြည့်ရအောင်...

ဂျာနယ်လစ် လုပ်ချင်နေတဲ့ သားလုပ်တဲ့သူကို ဖအေကြီးက ဒီလိုပြောတယ်ခင်ဗျ...သားရယ်... ဂျာနယ်လစ် လုပ်တာဘာကောင်းလို့လဲကွာ... မင်းမှန်တာတွေ ရေးရင်.. လူတွေမုန်းလိမ့်မယ်.. မင်းလိမ်ရေးရင်လဲ.. နတ်တွေက မုန်းလိမ့်မယ်... အဲဒီတော့ မင်း လိမ်ပဲရေးရေး အမှန်ပဲ ရေးရေး... လူမုန်းရင် မုန်း မမုန်းရင် နတ်တွေမုန်းမှာပဲ... ဘာများ အကျိုး အမြတ်ရှိလဲကွာ... (တော်တော် ဂွကျတဲ့ အဖေနော်... ဒီလိုသားမျိုး ရဲ့ အဖေဆိုတော့.. ဒီလောက်တော့လာမှာပေါ့.. စဉ်းစားကြည့်ရင် ဟုတ်သလိုလိုပါ....ဟေဟေ့...)
ခုလို ချည်ပြီးတုပ်ပြီး လုပ်တတ်တဲ့ ယုတ္တိအမှားမျိုးကို တရားခွင်က ရှေ့နေ တွေ နိုင်ငံရေးသမားတွေ စာနယ်ဇင်းသမားတွေနဲ့.. ကြော်ငြာ သမားတွေ သုံးကြပါတယ်... 

ဒီခေတ်ကြီးထဲမှာ ဆယ်တန်းလေးမှ အောင်မထားရင် လိပ်ကို ပက်လက်လှန်ထားသလို မင်းယက်ကန်ယက်ကန် ဖြစ်နေမှာပေါ့...( ဆယ်တန်းအောင်ပြီး ယက်ကန်ယက်ကန် တွေ ရှိသလို... ဆရာဝန် ဖြစ်တာတောင် ယက်ကန်ယက်ကန် တွေ တစ်ပုံကြီးပေါ့နော....)

တရားသူကြီးမင်းခင်ဗျား... သူ့အနေနဲ့ တရားရှုံးတယ်ဆိုရင်.... ခုပေးစရာရှိတဲ့ အကြွေးကို ပေးရမှာပဲ ဖြစ်ပါတယ်... တကယ်လို့ တရားနိုင်တယ်ဆိုရင်လဲ...သူက သူနိုင်ရင် အကြွေးကျေအောင် ဆပ်ပေးမယ်ဆိုတဲ့ အတွက်ကြောင့် အကြွေး ကို ပေးရမှာပဲ ဖြစ်ပါတယ်.. ဒါကြောင့်.. ဘယ်လိုပဲ ဖြစ်ဖြစ် အကြွေးကတော့ ပေးရမှာပဲ ဖြစ်ပါတယ်... (အင်း... ကြည့်ရတာတော့ လမ်းဆုံးပြီ.. အကြွေးကတော့ ပေးရတော့မယ်...)

သဘာပတိကြီးခင်ဗျား... ခုလို နိုင်ငံတော်မှ ပေးဆပ်ရန် ကျန်ရှိနေသော အကြွေးများ ရှိနေဆဲ.. ကုန်ထုတ်လုပ်မှု နိမ့်ပါးဆဲမှာ လစာတိုးပေးမယ် ဆိုရင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးမှာ ဖြစ်ပါတယ်.. တကယ်လို့ ငွေစက္ကူများ ရိုက်နှိပ် ပြီးလစာတိုးပေးမယ်ဆိုရင်လည်း.. ငွေဖေါင်းပွပြီး ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးမှာ ဖြစ်ပါတယ်...ဒါကြောင့်.. လစာတိုးဖို့ကို စောင့် ဆိုင်း ... (သြော်.. ရက်စက်စွာ ပြောသော်လည်း ချစ်လင်ကလွဲ.. ဖွဲဆန်ကွဲထင်တာ... တကယ်မဟုတ်ပါဘူးဗျ.. စိတ်ကူးယဉ်မိတာ... )
ဟုတ်ကဲ့... ဒီလို ယုတ္တိအမှားများဘယ်လို ဖြစ်လာလဲဆိုတာလေး နည်းနည်းလေး.. ဒိုင်ယာလက်တစ်ကြည့်ကြရအောင်ခင်ဗျ.. ဒီလို ဖေါ်ပြချက်များမှာ.. ရှေ့စကား (စကားဦး) နဲ့ နောက်စကား (အကျိုးဆက်) ဆိုပြီး ပါပါတယ်... စကားဦး မှန်တာနဲ့ပဲ အကျိုးဆက် လဲ မှန်တယ်လို့ ယူလိုက်ပြီး နားဆင်သူကို ရွေးစရာ ၂ ခု ပဲ ပေးလိုက်ပါတယ်.. တစ်ဆက်တည်းမှာ အစနှစ်ဖက် စလုံးကို ချည်ပြီး တုပ်ပြီးဖြစ်နေတဲ့အတွက် ရုန်းထွက်နိုင်ခြင်းမရှိတော့ပဲ.. စကားချို (ဂျို) ဖျားမှာ ကားခနဲ ပါသွားတော့တာပါပဲ....နောက်ကွယ်မှာ ရှိနေတဲ့ အချက်ကတော့.. ရွေးစရာ ကို ၂ ခု ပဲ လို့ ပြောနေတာကသာ အမှားသက်သက် ဖြစ်သွားတာပါ... တကယ်ကို ရွေးစရာ  ၂ ခုပဲ ရှိတယ်ဆိုရင်တော့... မှားတယ်လို့ မဆိုသာဘူးပေါ့လေ.... ပြောပါပကော လက်တွေ့ဘဝမှာ ရွေးစရာတွေက များမှ များ... ရှာမတွေ့တာနဲ့ မရှိဘူးလို့တော့ ပြောလို့ မရပါဘူး....ဟုတ်ကဲ့ ဒီလို အမှားမျိုးကို ဘယ်လို တုန့်ပြန် နိုင်ပါသလဲ... ရွေးစရာ၂ မျိုးရှိပါတယ်.. (ဟေဟေ့... ).. သူပြောတာ ခေါင်းညိတ်ပြလိုက်ရင်လဲ ရပါတယ်... ပြန်တုံ့ပြန်မယ်ဆိုရင်တော့... သူပေးတဲ့ အကြောင်းပြချက် စကားဦးလောက် ခိုင်မာတဲ့ အကြောင်းမျိုးနဲ့.. ထိပ်တိုက် ကန့်လန့်တိုက်တဲ့ နည်းက အကောင်းဆုံး ဖြစ်ပါတယ်....

ဂျာနယ်လစ် ဥပမာလေးမှာ... သားလုပ်သူက ချေပလိုက်ပုံလေး ဥပမာပေးပါရစေ...အဖေရယ်.. ဒါဆိုရင် ဂျာနယ်လစ် လုပ်တာ သိပ်ကောင်းတာပေါ့... သား အမှန်တွေ ရေးရင် နတ်တွေချစ်မယ်... အမှားတွေရေးရင် လူတွေချစ်မယ်.. သား အမှန်ရေးရေး အမှားရေးရေး... လူဖြစ်ဖြစ် နတ်ဖြစ်ဖြစ် ချစ်မှာပဲလေ... သိပ်ကောင်းပေါ့အဖေရာ... ( ကိုင်း.. မှတ်ပလား... ဒီလို အဖေမျိုး က ဒီလို သားမျိုး မွေးထားတာ ဆန်းသလား.... ကပ်ဖိုး ကပ်ဖဲ့သားအဖ... (အဲ... ဒီနေရာမှာ.. ချာလည်ပတ်လည် ယုတ္တိအမှားလေး ထည့်ထားတယ်.. နောက်များမှ ဆက်ပြောမယ်...)

ကြော်ငြာ ဥပမာလေးကို ဘယ်လို ချေလဲဆိုတော့...
အဲဒီ ကျောင်းသွားတက်လည်း ပေးရတဲ့ အဆောင်ကြေးနဲ့ လိပ်ပက်လက်လှန်သလို ဖြစ်မှာပဲ... ဆယ်တန်း မအောင်လဲ ယက်ကန်ယက်ကန်ပဲ... တက်တက် မတက်တက် ယက်ကန်ယက်ကန် ပဲ ဖြစ်မှာပဲ... မတက်တာကမှ ပိုက်ဆံအကုန်သက်သာသေး....

တရားခွင်ဥပမာလေးကို ဘယ်လိုချေပရမလဲဆိုတာလေးက ဒီလိုခင်ဗျ...
တရားသူကြီးမင်းခင်ဗျား... ကျွန်တော့်ရဲ့ နိုင်ရင် ပေးမယ်ဆိုတဲ့ စကားကြောင့် ကျွန်တော်သာ အမှုရှုံးရင် အကြွေးပေးစရာ မလိုတော့ပါဘူး.... တကယ်လို့ ကျွန်တော်သာ အမှုနိုင်ရင်လည်း ကျွန်တော်က သူ့ကို အကြွေး ပေးစရာ အကြောင်းမရှိပါဘူး.. ဒါကြောင့်.. ကျွန်တော် အမှုနိုင်နိုင် မနိုင်နိုင် သူ့ ကို အကြွေးပေးစရာ အကြောင်း လုံးဝ မရှိပါဘူးခင်ဗျာ... (ကဲ... တရားသူကြီးတွေ ခေါင်းစားကြပေရော့... အမှုကို ပလပ်ချင် ပလပ် .. မပလပ်လို့ကတော့... အတိုင်ခံရမှာ ခင်ဗျားတို့ပဲ....)

အဲ.. အဲ... နောက်ဆုံး ဥပမာလေးကတော့လေ... ဂျာနယ်လစ်များ ပြန် ချေပကြည့်လိုက်နော်... သား နှာစေးနေလို့.......

ယုတ္တိအမှား (၇)၊ ခြေချော်ပေါက်။

စာပေနိုဘယ်ဆုရ ဆရာကြီး ဘားနဒ်ရှော ရဲ့ ဟာသလေး တစ်ခုနဲ့ စပါရစေ။ တစ်ခါသားတော့ ဆရာကြီးနဲ့ မိန်းမလှလေးတစ်ဦးတို့ တွေ့ပါတယ်။
ဆရာကြီး။   ။ ခင်ဗျား ပေါင်တစ်သန်းရရင် ကျွန်တော်နဲ့ အိပ်မလား။
အလှပဂေး။   ။ ဘယ်လို.. အို... အိပ်မယ်လေ။
ဆရာကြီး။   ။ ဒါဆို.. ဒီမှာ .. ငါးပေါင်။
အလှပဂေး။    ။ ငါးပေါင်?!!!... ရှင်ကျွန်မကို ဘယ်လိုအစားများမှတ်နေလဲ?။
ဆရာကြီး။   ။ ဘယ်လိုဆိုတာခင်ဗျားနဲ့ ပြောပြီးပြီလေ...။ အခုက ဈေးညှိနေတာ။

ဟုတ်ပါတယ်ခင်ဗျာ..။ ကျွန်တော်တို့ရဲ့ နေ့စဉ်ပြောဆိုဆွေးနွေးငြင်းခုံ လုပ်ကိုင် ကြံစည် နေကြတဲ့ ကိစ္စတော်တော်များများမှာ... ခြေချော်ပေါက်တွေအများကြီးပါဝင်ပါတယ်။
ခြေချော်ပေါက်တွေဆိုတာ တစ်ချက်လေးပဲ နင်းမိလိုက်တာနဲ့ တစ်ခါတည်း တန်းပြီး အောက်ကို ထိုးဆင်းသွားတတ်တာမျိုးပါ. .။ ရှောင်လွှဲနိုင်ဖို့ အင်မတန်မှ ခဲယဉ်းလှပါတယ်။ ကျသွားတာနဲ့ တစ်ဆုံးပါပဲ။ နလံပြန်ထူဖို့တော့ စိတ်တောင် မကူးလေနဲ့ ဗျို့..။
ယုတ္တိအမှားကကျတော့ ဒီလို ခြေချော်ပေါက်နဲ့ အလားသဏ္ဍာန်တူလို့ ပါ။ အကြောင်းအရာ တစ်ခုခုက အစပျိုးလိုက်တာနဲ့ တစ်ဆက်တည်း တစ်စပ်တည်း ကျွဲကူးရေပါ မနှစ်မြို့ဖွယ်ရာ ဖြစ်ရပ်တွေ ဆက်ဖြစ်တော့မယောင် ပြောဆိုတာမျိုးကို ခြေချော်ပေါက် အမှားလို့ နံမည်တပ်ကြည့်တာပါ။
ဥပမာ...
ကျွန်တော်ကတော့ ကြော်ငြာတွေမှာ မလုံမခြုံ မကြော်ငြာရဆိုတာကိုကန့်ကွက်တယ်။ တော်တော်လေးကြာရင် ဒူး အထက်မပေါ်ရဆိုလာမယ်။ နောက်ပြီးရင် ခြေမျက်စိမပ်ါရဆိုဖြစ်လာမယ်။ နောက်ဆို... မိန်းကလေးတွေ အိမ်တွင်းပုန်းကုလားမတွေ ဖြစ်ကုန်မယ်။ ( မဖြစ်မနေ အကြောင်းတွေကြောင့် မကြော်ငြာရဆိုတာဖြစ်လာပေမယ့်..။ ဆက်ဖြစ်ပါ့မယ်လို့ တော့ အကြောင်းပြချက်မရှိပါဘူး)
နောက်တစ်ဖက်က
ကျွန်တော်ကတော့ ကြော်ငြာတွေမှာ မလုံမခြုံ မကြော်ငြာရဆိုတာကိုထောက်ခံတယ်။ စဉ်းစာကြည့် ခုတောင် ပေါင်လည်လောက်နဲ့ ဒိုးဒိုးဒန့်ဒန့်တွေ ဖြစ်နေပြီ။ လွှတ်ထားရင် ဘီကီနီတွေ လာတော့မယ်။ ဆက်လွှတ်ထားရင် အပြာမယ်တွေ ဖြစ်တော့မယ်။ (ဒီအတိုင်းပါပဲ.. ဆက်ဖြစ်သည့်တိုင်အောင်တောင်မှ ဥပဒေဆိုတာ ရှိနေပါသေးတယ်။ )
များသောအားဖြင့် ဒီလို မျိုးယုတ္တိအမှားတွေမှာ ထီခနဲဆိုလိုက်တာနဲ့ ကွဲအောင်ကို ဆွဲခေါ်သွားတာပါပဲ။ တကယ့်လက်တွေ့ အခြေအနေတွေမှာတော့ အဲဒီလောက်ထိ မဆိုးသွားစေဖို့ အထိန်းအကွပ်တွေ ရှိကိုရှိနေပါတယ်။
ဒါပေမယ့် ဒီလို ယုတ္တိအမှားလေးမှာ အချက်ကလေးတစ်ချက်ရှိနေပါတယ်။ ပထမဦးဆုံးသော အချက်ဟာ အမှန်ပဲဆိုတဲ့အချက်လေးပါပဲ။ ဘားနဒ်ရှောရဲ့ ဥပမာလေးမှာကြည့်ပါ။ ပေါင်တစ်သန်း နဲ့ အိပ်ပါ့မယ်လို့ အာမဘန္တေ ခံလိုက်မှတော့ ဘယ်လိုအစားဆိုတာ ထပ်ပြောစရာမလိုပါဘူး။ နောက်ကျန်တာကတော့ ဈေးဆစ်ဖို့ပဲ မဟုတ်ပါလားဗျာ..။

ဟုတ်ကဲ့... ကျွန်တော်တို့ အခြေခံဥပဒေကို ထောက်ခံလိုက်ကြပါပြီ....။ တစ်ချို့တစ်ချို့သော ပုဂ္ဂိုလ်များကလည်း ဒါပတ်ပျိုးပါပဲ..။ ကျမြဲကျလတ္တံ့..လို့လည်းေ ပြာကြပါတယ်။ တစ်ချို့သောပုဂ္ဂိုလ်များကလည်း ဘာမှ မရှိတာကနေ အခုရှိလာပြီ..။ နောက်ဆိုဆက်ပြီး ရှိသထက်ရှိလာမယ်လို့ပြောနေကြပါတယ်။ ဘယ်သူမှန်မလဲ.. ဘယ်သူမှားမလဲဆိုတာ... ငွေရောင်ပိတ်ကားပေါ်မှာ စောင့်ကြည့်ယုံကလွဲလို့ ဘာများတတ်နိုင်ဦးမှာလည်း .. အိုစမာဘင်လာဒင်ရယ်။
သို့သော် သေချာတာတစ်ခုကတော့... အတန်းအစားတစ်ခုအဖြစ်တော့ သတ်မှတ်လို့ပြီးသွားပါပြီ။ ကျန်တာကတော့ ဈေးညှိဖို့ပဲလိုပါတော့တယ်ခင်ဗျာ..။
အမတ်မှန်သရွေ့... တန်ဖိုးတွေ့... ဈေးကောင်းကောင်းညှိတတ်ကြပါစေ။

ယုတ္တိအမှား (၆) ၊ လူတိုင်းသိတဲ့အလွဲ

ခင်ဗျားကတော့ ထင်မှာပဲ။ လူတိုင်းသိတဲ့အလွဲဆိုတာကိုများ ပြောနေရသေးတယ်လို့။ စဉ်းစားကြည့်ပါ။ တော်တော်များများက ကိုယ်ပြောနေတဲ့ အကြောင်းအရာရဲ့ အမှန်တရားကို အငြင်းမခံချင်တော့ရင် ပဲဖြစ်ဖြစ် တစ်ဖက်သား ပါးစပ်ပိတ်သွားအောင်ပဲ ဖြစ်ဖြစ် ပြောချင်လာရင် ကြို ပိတ်ထားတတ်တဲ့ စကားလေးက `လူတိုင်းသိပါတယ်ကွာ.. ဒီကိစ္စက...` ဆိုတာလေးနဲ့ စကားချီလို့ စတင်ပြီး ပေါက်တတ်ကရတွေပြောကြပါတော့တယ်။ တစ်ခါတစ်ရံမှာ ရှုပ်ထွေးတဲ့.. သံသယဖြစ်ဖွယ်ကောင်းတဲ့ ကိစ္စများဟာ.. လူတိုင်းသိတယ်ဆိုတဲ့စကားကြောင့် အမေးအမြန်းလွတ်သွားတတ်ပါတယ်။

အများသိကြတဲ့အတိုင်းပါပဲ..။ စပါးအထွက်လျော့နည်းလာပါတယ်။ (ဘာကြောင့် လဲ။ မိုးနည်းလို့လား။ လယ်သမားမစိုက်လို့လား။ စက်သုံးဆီမလုံလောက်လို့လား။ လယ်တွေပျက်လို့လား။ ဟယ်... မမေးတော့ပါဘူး။ သူများတွေက သိပြီး ငါမသိရင် ထမေးရမှာ ရှက်စရာကြီး..။ စပါးဈေးတက်တော့လည်း တက်ဈေးပေါ့။)

လူတိုင်းသိပါတယ်။ ဆရာဝန်တွေက ပိုက်ဆံနောက်ပဲလိုက်နေကြတယ်ဆိုတာ။ ( ဟင်..တကယ်ကြီးလား။ ငါသိတဲ့ဆရာဝန်တွေတော့ ဒီလိုမဟုတ်ပါဘူး။ ဘယ်သူကများ ဒါကို လေ့လာထားပါလိမ့်။ လေ့လာထားတယ်ဆိုတာလည်း မတွေ့မိပါဘူး။ အို.. သူများတွေတောင် သိတယ်။ ငါမသိရင် ရှက်စရာကြီး..။ ဟုတ်တယ်။ ဆရာဝန်ကောင်တွေ ကောင်း ကိုမကောင်းဘူး။)

ကဲ... ဘာပဲဖြစ်ဖြစ် အကြောင်းအရာတစ်ခုခုကို လူလက်ခံအောင်လုပ်ဖို့သေချာတဲ့ အလွဲတစ်ခုတော့ ဖြစ်ပါတယ်။ သံတူကြော င်းကွဲလေးတွေ ရှိပါသေးတယ်။ `ကလေးတောင်သိတယ်` `လူပိန်းတောင်သိတယ်။` `သူများတွေတောင်သိတယ်။` `ဆိုက်ကားသမားတောင်သိတယ်`
ဒီလိုလေလေးနဲ့ အစပျိုးလို့ လာပြီဆိုရင်တော့ သေချာတယ်။ သံသယဖြစ်ဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို အမေးအမြန်းမထူပဲ လက်ခံအောင်ပြောချင်နေပြီဆိုတာပါပဲ။
လူတော်တော်များများဟာ.. ဒီအလွဲကို ကောင်းကောင်းအသုံးချပြီး.. အငြင်းပွားမှုတော်တော်များများကို ဖြေရှင်းကြပါတယ်။ တစ်ခါတစ်ရံမှာ ပျော်တော်ဆက်ကြပါတယ်။

လူပျက်နှစ်ယောက်က နောက်တစ်ယောက်ကြားလောက်အောင်အော်ပြောပါတယ်။ အေး.. တို့မင်းသမီးလေကွာ.. အရူးတောင်သိတယ်။ လို့ပြောလိုက်တော့ နောက်လူပျက်တစ်ယောက်က ဟေ့ လုပ်ပါဦးကွ.. တို့မင်းသမီး ဘာဖြစ်လို့လည်း.. လို့ ဝင်မေးတော့ ... စပြောတဲ့လူပျက်က... အာ...မှားလို့ဟေ့ အရူးကလွဲရင် ကျန်တဲ့သူတွေသိတယ်ကွ..။

ဒီအထဲမှာရှိတဲ့ တစ်ချို့သောလူကြီးမင်းများလည်း သိကြပါတယ်။ ဒီကိစ္စဘယ်ကနေစတယ်ဆိုတာကို..။ တကယ်တော့ ... ကျွန်တော်တို့ ကုမ္ပဏီ ပျက်စီးရာပျက်စီးကြောင်းကို ဘယ်သူတွေလုပ်နေတယ်ဆိုတာကို.. တွေးခေါ်မြော်မြင်တတ်တဲ့ လူတိုင်းမြင်နိုင်ပါတယ်။ ကျွန်တော်တို့ အရင်းမကိုက်တာဟာ ဒါကြောင့်ပါ....။ (တောက်... ရှယ်ယာတွေတော့ ပါသွားပြီ။ ဘာကြောင့်မှန်းလဲမသိ..။ မသိတာပြောမိရင်လည်း မတွေးတတ်မခေါ်တတ်ဖြစ်ဦးမယ်။ ခံဟ)

ဟုတ်ကဲ့.. အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဒီအလွဲလေးကတော့ နေ့စဉ်ဘဝမှာ ကြုံခဲ့၊ ကြုံဆဲ၊ ကြုံလတ္တံ့ ဆိုတာကတော့ လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားနေပါပြီ။ သံသယကြီးတဲ့သူတွေ အဖို့တော့ လက်မခံနိုင်မှန်း ကလေးတောင်သိပါတယ်ခင်ဗျာ..။ ပိုသိသာတာကတော့ ဒီလိုလူတိုင်းသိတဲ့ အလွဲလေးတွေကြောင့် စိတ်ကသိကအောက် အဖြစ်မခံကြပါနဲ့ဆိုတာကို လူပိန်းတောင်နားလည်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား.....။

ယုတ္တိအမှား (၅) မူအဓိကအလွဲ

အချက်အလက်တွေ ဆိုတာ မူ/နည်းလမ်း ကို စမ်းသပ်စရာအနေနဲ့ သုံးကြတာပါ။ အချက်အလက်တွေကို ကြည့်ပြီး မူ/နည်းလမ်း ကို ဆက်ထိန်းသင့်ထိန်းမယ်။ ပြင်သင့်ပြင်မယ်ပေါ့။ ဒါက ဖြစ်သင့်တာ..။ သို့သော် ပထမဦးဆုံးမူကို ချမယ်။ ပြီးတော့မှ အချက်အလက် တွေထဲကမှ မူနဲ့ကိုက်ရင် ယူပြီး မူနဲ့ မကိုက်ရင် ပယ်တယ်ဆိုတာမျိုးက ယုတ္တိအမှားကို ကျူးလွန်တာပေါ့။

။ခင်ဗျား ထုတ်တဲ့ကားက ဘယ်လောက်ပဲ ပြည်တွင်းထုတ်ကားတွေပါလို့ပြောပြော.. ကျွန်တော်တို့ ကြည့်စရာမလိုဘူး.. ကျွန်တော်တို့ မူအရ အမိုးမဖေါက်ထားရင်.. ပြည်တွင်းထုတ်မဟုတ်တဲ့အတွက် လိုင်စင်မပေးနိုင်ဘူး။

အဲဒီတော့ ပြောစရာရှိလာတာက မူနဲ့ အချက်အလက်တွေကြားက အဆက်အစပ်ကရော တိတိကျကျ ဆက်နွယ်နေလို့လားလို့ မေးစရာရှိတယ်။ ပထမဆုံး အနေနဲ့တော့ မူကလိုတာပေါ့။ ဘယ်လိုအချက်အလက်မျိုးမှ မူမရှိပဲ နည်းလမ်းမရှိပဲ အရင်ဆုံးပေါ်ပေါက်လာစရာ မရှိပါဘူး။ အလွဲကဘယ်က စဖြစ်တာလဲဆိုတော့ မူ/နည်းလမ်းကို လက်ဆုပ်လက်ကိုင်ပြုလွန်းတယ် တွေ့လာတဲ့ အချက်တွေကနေ မပြင်နိုင်ဘူးဆိုတာက စတာပါပဲ။ အဲဒီတော့ ဘာဖြစ်လည်းဆိုတော့ သက်သေသက္ကာယ မခိုင်လုံတဲ့ အယူအဆကို လက်မလွှတ်ယုံသာ မကပဲ တွေ့လာတဲ့ အကြောင်းပြချက်ကောင်းတွေ သင်ခန်းစာ ကောင်းတွေကိုပါ လက်လွှတ်မိလျက်သား ဖြစ်သွားတော့တာပေါ့။

ဆရာဝန်တွေအကုန်လုံး ဒီအထဲသူ့ဟာသူ ဝင်ပါကြတာပဲ။ ရှိသမျှခွန်အားတွေ အကုန်စိုက်လုပ်နေတည်းက ဘာမှ မရဘူးဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

ဒီလိုယုတ္တိအလွဲတွေကို ဆုပ်ကိုင်ပြီး အကြောင်းပြနေကြသူတွေဟာ သူတို့ ရဲ့ လက်တွေ့နဲ့ ဝေးကွာလှတဲ့ ယုံကြည်ချက် ထင်ရာမြင်ရာတွေကို တရားသေဆုပ်ကိုင်ထားတတ်ကြလို့ပါပဲ။ ဘာဖြစ်လာမယ်ထင်ပါသလဲ။ ခင်ဗျားမှန်ပါတယ်။ ဖင်ပိတ်ငြင်းတာပေါ့ဗျာ...။
ဗမာစကားလေးတစ်ခွန်း ရှိပါရောလားဗျာ..။ ဘာတဲ့ ငါနဲ့မတူ ငါ့ရန်သူတဲ့။ ကျကျနနကို မူအဓိက အလွဲချည်းသက်သက်ပေါ့ဗျာ။ နောက်ထပ်အလွဲလေးတွေကတော့ အကြံတူရန်သူတဲ့။ ကိုယ်နှင့်နှိုင်းမရိုင်းတဲ့။  တစ်ခြားမကြည့်နဲ့ ဗုဒ္ဓဝင်မှာ သစ္စက ပုရဗိုဒ်ကြည့်ပါလား။ ဟင်.. ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဘယ်လိုဟောဟာ.. ငါသိတာကများတုန်းပဲ လုပ်လို့ ဘီလူးဓါးကြိမ်းကြိမ်းရပါရောလား။
တစ်ခါတစ်လေကျတော့ ကိုယ်ဖယ်ထုတ်လိုက်တဲ့ အချက်အလက် အကြောင်းအရာတွေဟာ မူတွေ နည်းလမ်းတွေနဲ့ မကိုက်ညီပေမယ့် သေသေချာချာ ပြန်စီစစ်ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့မူတွေ နည်းလမ်းတွေကို အထောက်အပံ့ကောင်းကောင်းပေးနိုင်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

ယုတ္တိအမှား (၄)၊ ဗျူးဂွင်

တလောလေးက ဂျာနယ်တစ်စောင်မှာဟိုတုန်းက အလွန် နံမည်ကြီးခဲ့ဘူးတဲ့ မင်းသမီးလေးကို ကိုယ်ရေးကိုယ်တာ အင်တာဗျူးမေးလိုက်တာ.. မင်းသမီးလေးက ဒေါသမာန်ထလို့ ရိုက်လားနှက်လားနဲ့ ဟိုးလေးတစ်ကျော်ဖြစ်သွားတဲ့ သတင်း ကြားကြမယ်ထင်ပါရဲ့။ ဖေါ်ပြတဲ့ ဂျာနယ်ကလည်း မေးခွန်း တွေ အဖြေတွေကိုပါ တစ်ခါတည်း ပြလိုက်တော့ မောင်ဂုရုက ယုတ္တိအမှားလေးတစ်ခုကို ပြေးမြင်လိုက်မိပါရဲ့။
အဲဒီအမှားလေးကတော့ ရှုပ်ထွေးတဲ့ မေးခွန်းများစွာကို တစ်ပေါင်းတစ်စည်းထဲ မှန်/မှား မေးခွန်းဖြစ်အောင် မေးလိုက်ရာကနေ ဖြေဆိုသူအနေနဲ့ တစ်ခုစီခွဲခြမ်းပြီး မဖြေနိုင်တော့ဘဲ.. မှားယွင်းတဲ့ ကောက်ချက်တွေ ထွက်လာစေတာပါပဲ။ ဥပမာလေးကတော့..
မင်းမိန်းမကို ရိုက်တုန်းပဲလား
(ဟုတ် လို့ ဖြေရင် မိန်းမကို ရိုက်တုန်းပဲ။ မဟုတ်လို့ ဖြေရင် ခုမရိုက် အရင် ကရိုက်တယ် လို့ ထင်စရာပေါ့။)

မင်းဒီလောက်တုန်းတာ မွေးရာပါများလားကွာ။
(ဟုတ် လို့ ဖြေရင် အော်လဂျင်နယ် ငတုံးဖြစ်မယ်။ မဟုတ်လို့ ဖြေရင် ငယ်ငယ်ကမတုန်း ကြီးမှတုံးတာ လို့ ထင်စရာပေါ့။)

ဒီလိုမေးခွန်းတွေမှာ ဖုံးကွယ်ထားတဲ့ မေးခွန်းက ဟုတ်ကဲ့လို့ ဖြေပြီးသားဖြစ်နေပါတယ်။ အဲဒီလို ဖြေပြီးသား ဖုံးကွယ်မေးခွန်းပါနေတဲ့အတွက် ဒီလိုအမေးမျိုးကို တစ်ဖက်သားအပေါ် အုပ်မိစီးမိ အခြေအနေမျိုးမှာ မေးလေ့ရှိပါတယ်။ မောင်ဂုရုတို့အဆောင်ကျောင်းသားဘဝမှာ တစ်ဖက်သားချောက်ကျအောင် မေးလေ့ရှိတဲ့မေးခွန်းလေးတွေပေါ့။
မင်းဟိုနေ့က ဘီယာဆိုင်မှာ ပန်းကုံးစွပ်တဲ့ကောင်မလေးနဲ့ အပြင်မှာ တွေ့သေးလား
(တွေ့တွေ့မတွေ့တွေ့.. ပန်းကုံးစွပ်မှန်း သူ့ကောင်မလေး သိသွားလေရဲ့။ နောင်ဂျိန်ပေါ့။)

မင်း အေအိုင်ဒီအက်စ်ဆေးသောက်နေတာ ရောဂါသက်သာရဲ့လား။
(အင်းလို့ ဖြေမိရင်.. ငါးပါးမှောက်ရော... ဟင့်အင်းလို့ဖြေတော့လည်း.. အဓိပ္ပါယ်တစ်မျိုးမက ဖြစ်နေတော့.. ခက်သားလား။)

နောက်တစ်ခုကတော့ အကြောင်းအရာ တစ်ခုထဲကို မေးခွန်းများစွာနဲ့ စဉ်ဆက်မပြတ်မေးမြန်းခြင်းဟာလည်း ဒီလို အမှားကို ကျူးလွန်ခြင်းဖြစ်ပါတယ်။
ကဲ... ဂျာနယ်များပါ.. ထင်ရှားတဲ့ မေးခွန်းလေးကို သရုပ်ခွဲကြည့်ကြပါစို့။
ပရိသတ်ကပြောကြတယ်။ ထက်ထက်မိုးဦးတစ်ယောက် ဘဝကို ခဏခဏပြန်စနေရတယ်။ အဲဒီအပေါ် ထက်ထက်ဘယ်လို ခံစားရပါသလဲ။
(မောင်ဂုရု ဆုံးဖြတ်ရမယ့် အရာမဟုတ်ပါ။ တရားရုံးတောင် ရောက်နေမင့်ဟာပဲ... ဟာကို....နော)


မောင်ဂုရုဆွေးနွေးချင်တာကတော့... ဒီလို ယုတ္တိအမှားတွေကို ကိုင်စွဲပြီး.. ကျွန်တော်တို့ကို စကားလုံးများနဲ့ ချည်နှောင် တတ်ကြသူတွေ အများကြီးရှိတယ်ဆိုတာပါပဲ။
သားရေ.. ခုပဲအိပ်တော့မလား.. ဂိမ်းဆော့ပြီး... ၁၁ နာရီလောက်မှအိပ်မလား
 ....................
မောင်အဝှာရေ... အုတ်ခဲတွေကို စီထားရင်လည်း ထား.. ဒါမှမဟုတ် အိမ်ထဲသွင်းရင်လည်း သွင်းလိုက်နော်..
...............................
တရားလိုဟာ.. ဦးစွာ အိမ်ထောင်ရေးကိုမေးပါတယ်။ နောက်ထပ်ပြီး ဘာကြောင့်အိမ်ထောင်ကွဲရတယ်ဆိုတာကိုမေးပါတယ်။ နောက်ထပ်ပြီး ခုအိမ်ထောင်ရဲ့ ရှေ့ရေးကိုမေးပါတယ်။ နောက်ထပ်ပြီး ပရိသတ်ကို ကိုယ်စားပြုသယောင် ယခင်မေးခွန်းများကို ပြန်လည်နှိုးဆွပြီး ယခုအိမ်ထောင်ရော ပျက်မှာလားလို့ နိမိတ်ပြမေးခွန်းကိုမေးခဲ့ပါတယ်.. တရားသူကြီးမင်းခင်ဗျား။..

မောင်ဂုရုကတော့ ရှင်းရှင်းပဲ။ လက်ပါတဲ့သူအမှား....။ နားရွက်တံတွေးဆွတ်ရင် တေ..တေး။ ဝိုင်းဟောင်ရင် ခွေး..။

ယုတ္တိအမှား (၃)၊ တြိယုတ္တိ အလွဲ

တြိယုတ္တိ အကြောင်းကို တော်တော်များများ သိကြမှာပါ။
၁။ ကျီးကန်းတွင် အမည်းရောင်ရှိသည်။
၂။ မီးသွေးတွင် အမည်းရောင်ရှိသည်။

၃။ ထို့ကြောင့် ကျီးကန်းနှင့် မီးသွေး အရောင်တူသည်။

ဒါမျိုးကို တြိယုတ္တိဗေဒ လို့ နံမည်တပ်ထားပါတယ်။ တြိယုတ္တိဗေဒ ဖြစ်ဖို့ ကနဦးဖေါ်ပြချက် ၂ ချက်ပါရပါတယ်။ အဲဒီဖေါ်ပြချက် ၂ ချက်စလုံးမှာ တူညီတဲ့ အားလုံးအကျုံးဝင်တဲ့ အတန်းအစားတစ်ခု ပါရပါတယ်။ အဲဒီအတန်းအစားကို ကြည့်ပြီး ဖေါ်ပြချက်၂ ခုကို တူရာစုပြီး ကောက်ချက်ဆွဲထားတဲ့ နောက်ဆုံးဖေါ်ပြချက် သည် အမှန်တရား လို့ ထင်မှတ်စေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကြားခံအတန်းအစား က အားလုံးနဲ့ သက်ဆိုင်ရပါတယ်။ အားလုံး က အကျုံးဝင်ရပါတယ်။ အားလုံး ကို အကျုံးဝင်အောင် ချိန်ညှိထားဖို့လိုပါတယ်။ အကျုံးမဝင်တော့ ရင် နောက်ဆုံးဖေါ်ပြချက်ဟာ အမှားသက်သက် ဖြစ်သွားတတ်ပါတယ်။ စောစောက ဥပမာလေးကိုပဲ ဒီလိုပြန်ရေးကြည့်ရအောင်
၁။ ကျီးကန်းသည် မည်းသည်။
၂။ မီးသွေးသည် မည်းသည်။
(ဖေါ်ပြချက် ၂ခုလုံးမှန်ပါတယ်။ ကြားခံ “အမည်း” က အရောင်တစ်ခုကိုသာ ကိုယ်စားပြုသည့် အတန်းအစား ဖြစ်နေပါတယ်။)
၃။ ထို့ကြောင့် ကျီးကန်းနှင့်မီးသွေး တူသည်။

ကြားခံအတန်းအစားက အားလုံးညီမျှအောင် ကိုယ်စားမပြုနိုင်တဲ့အခါ နောက်ဆုံးဖေါ်ပြချက်သည် အမှားသက်သက်ဖြစ်သွားပါတော့တယ်။ ဒါလေးက လူတိုင်းနားလည်ကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ ဒီလို အမှားတွေ ထုံမွှန်းနေပါတယ်လို့ ပြောရင် ခင်ဗျား လက်ခံပါ့မလား။ ဒီလောက်လွယ်ကူရိုးစင်းလှတဲ့ အမှားတွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေကို ထုဆစ်နေပါတယ်ဆိုရင်ရော...
ခင်ဗျား.. လက်ခံနိုင်ပါ့မလား။
ကျွန်တော် စာသားလေးတစ်ခု ရေးပြပါ့မယ်။
“သူနာပြုဆရာမများ သည် အလွန်မြင့်မြတ်ကြပါသည်။ သို့သော် လောကသဘောအရ တစ်ချို့သော မြင့်မြတ်သူများသည် သေချာကျနစွာ ချီးမြှောက်မခံရတတ်ချေ။ ထို့ကြောင့် အလွန်မြင့်မြတ်သော သူနာပြုဆရာမတစ်ချို့သည် ချီးမြှောက်ခြင်း မခံရသည်ကို သိကြပါလိမ့်မည်။” (မှန်ကောင်းမှန်ပါလိမ့်မည်။ သို့သော် ကြားခံအတန်းအစား ဖြစ်သော မြင့်မြတ်သူများ ဆိုတဲ့ အတန်းအစားသည် ဖေါ်ပြချက် ၂ ခုလုံး အကျုံးမဝင်သည့် အတွက် အငြင်းပွားစရာ ကောက်ချက်တစ်ခု ဖြစ်လာတာပါ။)

နောက်ဆုံး ဥပမာလေးပေးပါ့မယ်။ သည်းခံဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးပါ။
“ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေးသည် နိုင်ငံသားတိုင်း၏ ဆန္ဒဖြစ်ပါသည်။ ဒီမိုကရေစီပန်းတိုင်သည်လည်း နိုင်ငံသားတိုင်း၏ဆန္ဒဖြစ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီပန်းတိုင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်သာ ရရှိနိုင်ပါသည်။”

ဒါမှန်တယ်... ဒါမှားတယ်... မောင်ဂုရု နှင့် မသက်ဆိုင်ပါ။ မောင်ဂုရုက ယုတ္တိအမှားတွေကို မောင်ဂုရုမြင်သလို ပြောပြခြင်းသာ ဖြစ်ပါတယ်။