တစ်ခါတစ်လေကျတော့ ကျွန်တော်တို့ က တစ်ဖက်သားကို အများကြီး
ရွေးစရာမပေးပဲ ၂ မျိုး ၂ စားပဲ ပေးရွေးခိုင်းလိုက်တယ်... တကယ်ကိုပဲ ၂
မျိုးပဲ ရွေးစရာ ကျန်တယ်ဆိုရင်တော့ မှားစရာ မရှိဘူးပေါ့လေ... ခက်တာက
လောကကြီး က အကြီးကြီးဗျ.. မတွေ့ရင်သာ ရှိရမယ်... ရွေးစရာက တစ်ပုံရယ်တဲ့မှ
တစ်ပင်.. ကဲ တော်ကီနားလို့ ဥပမာလေး သွားကြည့်ရအောင်...
ဂျာနယ်လစ် လုပ်ချင်နေတဲ့ သားလုပ်တဲ့သူကို ဖအေကြီးက ဒီလိုပြောတယ်ခင်ဗျ...သားရယ်... ဂျာနယ်လစ် လုပ်တာဘာကောင်းလို့လဲကွာ... မင်းမှန်တာတွေ ရေးရင်.. လူတွေမုန်းလိမ့်မယ်.. မင်းလိမ်ရေးရင်လဲ.. နတ်တွေက မုန်းလိမ့်မယ်... အဲဒီတော့ မင်း လိမ်ပဲရေးရေး အမှန်ပဲ ရေးရေး... လူမုန်းရင် မုန်း မမုန်းရင် နတ်တွေမုန်းမှာပဲ... ဘာများ အကျိုး အမြတ်ရှိလဲကွာ... (တော်တော် ဂွကျတဲ့ အဖေနော်... ဒီလိုသားမျိုး ရဲ့ အဖေဆိုတော့.. ဒီလောက်တော့လာမှာပေါ့.. စဉ်းစားကြည့်ရင် ဟုတ်သလိုလိုပါ....ဟေဟေ့...)
ခုလို ချည်ပြီးတုပ်ပြီး လုပ်တတ်တဲ့ ယုတ္တိအမှားမျိုးကို တရားခွင်က ရှေ့နေ တွေ နိုင်ငံရေးသမားတွေ စာနယ်ဇင်းသမားတွေနဲ့.. ကြော်ငြာ သမားတွေ သုံးကြပါတယ်...
ဒီခေတ်ကြီးထဲမှာ ဆယ်တန်းလေးမှ အောင်မထားရင် လိပ်ကို ပက်လက်လှန်ထားသလို မင်းယက်ကန်ယက်ကန် ဖြစ်နေမှာပေါ့...( ဆယ်တန်းအောင်ပြီး ယက်ကန်ယက်ကန် တွေ ရှိသလို... ဆရာဝန် ဖြစ်တာတောင် ယက်ကန်ယက်ကန် တွေ တစ်ပုံကြီးပေါ့နော....)
တရားသူကြီးမင်းခင်ဗျား... သူ့အနေနဲ့ တရားရှုံးတယ်ဆိုရင်.... ခုပေးစရာရှိတဲ့ အကြွေးကို ပေးရမှာပဲ ဖြစ်ပါတယ်... တကယ်လို့ တရားနိုင်တယ်ဆိုရင်လဲ...သူက သူနိုင်ရင် အကြွေးကျေအောင် ဆပ်ပေးမယ်ဆိုတဲ့ အတွက်ကြောင့် အကြွေး ကို ပေးရမှာပဲ ဖြစ်ပါတယ်.. ဒါကြောင့်.. ဘယ်လိုပဲ ဖြစ်ဖြစ် အကြွေးကတော့ ပေးရမှာပဲ ဖြစ်ပါတယ်... (အင်း... ကြည့်ရတာတော့ လမ်းဆုံးပြီ.. အကြွေးကတော့ ပေးရတော့မယ်...)
သဘာပတိကြီးခင်ဗျား... ခုလို နိုင်ငံတော်မှ ပေးဆပ်ရန် ကျန်ရှိနေသော အကြွေးများ ရှိနေဆဲ.. ကုန်ထုတ်လုပ်မှု နိမ့်ပါးဆဲမှာ လစာတိုးပေးမယ် ဆိုရင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးမှာ ဖြစ်ပါတယ်.. တကယ်လို့ ငွေစက္ကူများ ရိုက်နှိပ် ပြီးလစာတိုးပေးမယ်ဆိုရင်လည်း.. ငွေဖေါင်းပွပြီး ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးမှာ ဖြစ်ပါတယ်...ဒါကြောင့်.. လစာတိုးဖို့ကို စောင့် ဆိုင်း ... (သြော်.. ရက်စက်စွာ ပြောသော်လည်း ချစ်လင်ကလွဲ.. ဖွဲဆန်ကွဲထင်တာ... တကယ်မဟုတ်ပါဘူးဗျ.. စိတ်ကူးယဉ်မိတာ... )
ဟုတ်ကဲ့... ဒီလို ယုတ္တိအမှားများဘယ်လို ဖြစ်လာလဲဆိုတာလေး နည်းနည်းလေး.. ဒိုင်ယာလက်တစ်ကြည့်ကြရအောင်ခင်ဗျ.. ဒီလို ဖေါ်ပြချက်များမှာ.. ရှေ့စကား (စကားဦး) နဲ့ နောက်စကား (အကျိုးဆက်) ဆိုပြီး ပါပါတယ်... စကားဦး မှန်တာနဲ့ပဲ အကျိုးဆက် လဲ မှန်တယ်လို့ ယူလိုက်ပြီး နားဆင်သူကို ရွေးစရာ ၂ ခု ပဲ ပေးလိုက်ပါတယ်.. တစ်ဆက်တည်းမှာ အစနှစ်ဖက် စလုံးကို ချည်ပြီး တုပ်ပြီးဖြစ်နေတဲ့အတွက် ရုန်းထွက်နိုင်ခြင်းမရှိတော့ပဲ.. စကားချို (ဂျို) ဖျားမှာ ကားခနဲ ပါသွားတော့တာပါပဲ....နောက်ကွယ်မှာ ရှိနေတဲ့ အချက်ကတော့.. ရွေးစရာ ကို ၂ ခု ပဲ လို့ ပြောနေတာကသာ အမှားသက်သက် ဖြစ်သွားတာပါ... တကယ်ကို ရွေးစရာ ၂ ခုပဲ ရှိတယ်ဆိုရင်တော့... မှားတယ်လို့ မဆိုသာဘူးပေါ့လေ.... ပြောပါပကော လက်တွေ့ဘဝမှာ ရွေးစရာတွေက များမှ များ... ရှာမတွေ့တာနဲ့ မရှိဘူးလို့တော့ ပြောလို့ မရပါဘူး....ဟုတ်ကဲ့ ဒီလို အမှားမျိုးကို ဘယ်လို တုန့်ပြန် နိုင်ပါသလဲ... ရွေးစရာ၂ မျိုးရှိပါတယ်.. (ဟေဟေ့... ).. သူပြောတာ ခေါင်းညိတ်ပြလိုက်ရင်လဲ ရပါတယ်... ပြန်တုံ့ပြန်မယ်ဆိုရင်တော့... သူပေးတဲ့ အကြောင်းပြချက် စကားဦးလောက် ခိုင်မာတဲ့ အကြောင်းမျိုးနဲ့.. ထိပ်တိုက် ကန့်လန့်တိုက်တဲ့ နည်းက အကောင်းဆုံး ဖြစ်ပါတယ်....
ဂျာနယ်လစ် ဥပမာလေးမှာ... သားလုပ်သူက ချေပလိုက်ပုံလေး ဥပမာပေးပါရစေ...အဖေရယ်.. ဒါဆိုရင် ဂျာနယ်လစ် လုပ်တာ သိပ်ကောင်းတာပေါ့... သား အမှန်တွေ ရေးရင် နတ်တွေချစ်မယ်... အမှားတွေရေးရင် လူတွေချစ်မယ်.. သား အမှန်ရေးရေး အမှားရေးရေး... လူဖြစ်ဖြစ် နတ်ဖြစ်ဖြစ် ချစ်မှာပဲလေ... သိပ်ကောင်းပေါ့အဖေရာ... ( ကိုင်း.. မှတ်ပလား... ဒီလို အဖေမျိုး က ဒီလို သားမျိုး မွေးထားတာ ဆန်းသလား.... ကပ်ဖိုး ကပ်ဖဲ့သားအဖ... (အဲ... ဒီနေရာမှာ.. ချာလည်ပတ်လည် ယုတ္တိအမှားလေး ထည့်ထားတယ်.. နောက်များမှ ဆက်ပြောမယ်...)
ကြော်ငြာ ဥပမာလေးကို ဘယ်လို ချေလဲဆိုတော့...
အဲဒီ ကျောင်းသွားတက်လည်း ပေးရတဲ့ အဆောင်ကြေးနဲ့ လိပ်ပက်လက်လှန်သလို ဖြစ်မှာပဲ... ဆယ်တန်း မအောင်လဲ ယက်ကန်ယက်ကန်ပဲ... တက်တက် မတက်တက် ယက်ကန်ယက်ကန် ပဲ ဖြစ်မှာပဲ... မတက်တာကမှ ပိုက်ဆံအကုန်သက်သာသေး....
တရားခွင်ဥပမာလေးကို ဘယ်လိုချေပရမလဲဆိုတာလေးက ဒီလိုခင်ဗျ...
တရားသူကြီးမင်းခင်ဗျား... ကျွန်တော့်ရဲ့ နိုင်ရင် ပေးမယ်ဆိုတဲ့ စကားကြောင့် ကျွန်တော်သာ အမှုရှုံးရင် အကြွေးပေးစရာ မလိုတော့ပါဘူး.... တကယ်လို့ ကျွန်တော်သာ အမှုနိုင်ရင်လည်း ကျွန်တော်က သူ့ကို အကြွေး ပေးစရာ အကြောင်းမရှိပါဘူး.. ဒါကြောင့်.. ကျွန်တော် အမှုနိုင်နိုင် မနိုင်နိုင် သူ့ ကို အကြွေးပေးစရာ အကြောင်း လုံးဝ မရှိပါဘူးခင်ဗျာ... (ကဲ... တရားသူကြီးတွေ ခေါင်းစားကြပေရော့... အမှုကို ပလပ်ချင် ပလပ် .. မပလပ်လို့ကတော့... အတိုင်ခံရမှာ ခင်ဗျားတို့ပဲ....)
အဲ.. အဲ... နောက်ဆုံး ဥပမာလေးကတော့လေ... ဂျာနယ်လစ်များ ပြန် ချေပကြည့်လိုက်နော်... သား နှာစေးနေလို့.......

No comments:
Post a Comment