Tuesday, January 05, 2010

ဂုဏ်ရယ်.. ထမင်းရယ်... နဲ့ ငပျင်းရဲ့ ဆင်ခြေ...

သိုးဆောင်းလို “Glory” ဗမာလိုတော့ “ဂုဏ်” (ဘာသာပြန်တာမှားရင်ခွင့်လွှတ်၊ မောင်ဂုရုရဲ့ ဆရာတစ်ယောက် က မောင်ဂုရုကို အမြဲအားပေးသလို၊ မှားရင်လည်း ချက်ချင်း ပြောတတ်လွန်းလို့ပါ။) ဆိုတာ လူတိုင်းကြိုက်တဲ့ အရာတစ်ခုပါ။ အနီတို့ရဲ့ ဆရာကြီး၊ လက်ရှိလည်း နီတယ်လို့ ပြောနေသေးတဲ့ China ရဲ့ ထုဆစ်သူ Deng Xiaoping (ရွှေလိုတော့ တိန့်ရှောင်ဖိန်ပေါ့လေ) က To get rich is glorious ပါတဲ့။ လူတန်းစားညီရပါမယ်လို့ တစ်သံတည်း ရေရွတ်ခဲ့ကြတဲ့ ကွန်တွေက နေပြီးတော့ ချမ်းသာ ရင် ဂုဏ်ရှိတာပဲဟေ့လို့ ထလည်း ပြောလိုက်ရော...။ ဟာ... ဘာပြောကောင်းမလဲ လက်ခုပ်သံဆိုတာ ဖြောင်းဖြောင်းထနေတာပဲ။ အံမယ်.. ဆက်ပြောသေးဗျာ...။ Let some people get rich first ဆိုပဲ။ ဒါဆို ရင် ဒီလူတွေ ချမ်းသာလာမှ စရိတ်မျှပေးလိုများ ပြန် မျှခိုင်းမှာလား စိုးရိမ်တုန်းရှိသေး။ ကိုကို တိန့် က ဆက်လက် မိန့်တာက ဟေ့.. ကြောင်မည်းတယ် ဖြူတယ် လာမပြောနဲ့ ကြွက်ဖမ်းနိုင်ဖို့သာ အရေးကြီးတာတဲ့ဗျာ..။ (It doesn't matter if a cat is black or white, so long as it catches mice. ) ။
မောင်ဂုရုက ဖြုတ်ဦးနှောက် နဲ့ စဉ်းစားတယ်။ လူသာ အများကြီးရှိတယ်။ ဆန်ပြုတ်တောင် နပ်မှန်အောင် မသောက်နိုင်တဲ့ တိုင်းပြည်က ချမ်းသာဖို့တို့ ကြွက်သေဖို့တို့ ပြောနေပါရော့လား။ ဘာနဲ့ လုပ်မှာလည်း ပေါ့။ ခု ဖြစ်စပြုနေတာကို ခဏမေ့ပြီး စဉ်းစားကြည့်တာပါ။ သူက တစ်ခါတည်း လုပ်မယ့် လမ်းကြောင်းပါ ပြောတာခင်ဗျ။ ခုအပြင်ရောက်နေတဲ့ တရုတ်ကျောင်းသားထောင်ချီပြီး ပြန်လာတာနဲ့ တရုတ်ဘယ်လို ကိုယ့်ကိုယ်ကို ပြောင်းမလဲဆိုတာ ခင်ဗျားတို့ မြင်ရမယ် ဆိုပဲ။ (When our thousands of Chinese students abroad return home, you will see how China will transform itself. ) တစ်ခါတည်း ရှင်းသွားတာပဲ။ သူက ရင်းနှီး မြှုပ်နှံမှုကို လူမှာ လုပ်ထားတာ။ ပြောတုန်းကတော့ သူလည်း သူ့တစ်သက်မြင်ချင်မှ မြင်ရမယ်လို့ ထင်ပုံပဲ။ ဒါပေမယ့် သေချာတော့ သိတယ်။ ဟော.. သူ ၁၉၉၇ နှစ်စပိုင်းမှာ သေတယ်။ ဒါပေမယ့် အလားအလာတွေကို မြင်သွားတယ်။ ဒါပဲလေ။ ဘယ်မှာ ရင်းနှီး မြှုပ်နှံရမယ်ဆိုတာ သိဖို့ပါပဲ။
ဒီလို ကြီးကြီးကျယ်ကျယ် တွေ ကို သက်တမ်းနဲ့ အပြိုင် တွေ့လာတော့ မောင်ဂုရုလည်းပဲ သွေးနားထင်ရောက် ဘဝင် ငယ်ထိပ်ဆောင့်ပြီး ... လာထား .. ယောင်္ကျားတို့ ဘုန်း မိုးသို့ချုန်း .. ကိုယ်တုံးလုံး ကျန်လည်း အလံ မခိုး.. အဲ... အလံမလှဲ.. ဒါလည်း မဟုတ်သေးဘူး။.. အဲ.. ကိုယ်တုံးလုံးကျန်လည်း အပ်ချည်ကြိုး ခါးတောင်းကျိုက်နေမဟဲ့ဆိုပြီး...။ နင်လားငါလား စီမံကိန်းတွေ ချ..။ အကောင်အထည်တွေ ဖေါ်တော့တာပေါ့။ နှစ်တို နှစ်ရှည် နှစ်စက နှစ်မတိုမရှည် စီမံကိန်းယူမလား။.. အထူးစီမံကိန်း.. မထူးတစ်ထူး စီမံကိန်း... ထူးကို ထူးမယ့် စီမံကိန်းတွေ ပေါင်းစုံနဲ့.. လာမပြောနဲ့.. အဲဒီအချိန်မှာတော့ မောင်ဂုရုမှ မှန်တာ...။ ဘယ်သူမှ မမှန်ဘူး။ နေ့ချင်းညချင်း သူဌေးကြီး ဖြစ်တော့မယ်ဆိုတဲ့နိမိတ်ကို ယူ ပြီး သူဌေးကြီး ဆိုတဲ့ လက်ဘက်ရည်ဆိုင် ကလေးကို ကောက်ဖွင့်၊ အန္တိမရည်မှန်းချက်က သူဌေးကြီး ဖြစ်ဖို့၊ (ဟေ..ဟေ့...) ၊ ကိုယ်တိုင်က အလုပ်ကလည်း မထွက်နိုင်၊ လက်ဘက်ရည်ဆိုင်လည်း မဦးစီးနိုင်၊ လက်ရှိထမင်းစားနေတဲ့ ပယောဂဆေးခန်းလေးလည်း လက်မလွှတ်ချင်၊ အံမယ်.. ကျောက်ထပြီး ခွေးကြီးမှ လက်ပေးသင်သလို “Life-long learning” ဆိုတာကို လက်ကိုင်ထားလို့ အတန်းကျောင်းကလည်း ပြေးတက်လိုက်သေးနဲ့ (ကျည်ပွေ့ က အတက်တော့ ပေါက်ပါရဲ့ အပင်ကမပွင့်တဲ့ အပင်၊ ခုတ်ပြန်ရင်လည်း သစ်တော ဥပဒေအရ အချုပ် ၃ လ) ဆပ်ပြာသည် လင်ပျောက်တာအပြင် လင်နောက်လိုက်သွားတဲ့ သမီး ၂ ယောက် အိမ်ပြန်ရောက်လာသလိုပဲ။ ပြာယာကို ခပ်နေတာပဲ။ ရှိသေးတယ်။ မိသားစုကလည်းရှိတော့ မိသားစု ဘဝလေးကိုလည်း ခံစားချင်သေးတယ်။ (ဆရာမ) ဂျူးပြောတဲ့ ရွှေအိုရောင်ညနေခင်းလေးတွေကိုလည်း ရွှေအိုရောင် အရည်လေးနဲ့ မှီဝဲလိုက်ရမှ ဘဝဆိုတာ လေးနက်တယ်ထင်သေးတာကိုး ။ (ဒါကို မောင်ဂုရုရဲ့ ဆရာကတော့ ခင်ဗျားတို့က ပညာတတ်ဥာဉ်မှ မဖျောက်နိုင်တာကိုးလို့ အဘိယာစကပြုလိုက်ပါသေးဗျား။) ဒီတော့ အလှမ်းကျယ် အလယ်လပ်။ မျောက်သစ်ကိုင်းလွတ်သလို ဟိုမရောက် ဒီမရောက်။ စိတ်ကူးထဲကတိုက်အိမ်လေးနဲ့ ထမင်းကြမ်း ယပ်ခပ်စားနေရပေမယ့် ဘယ်သူဘာပြောမလဲ။ လာထား... ပေးစရာဆင်ခြေရော.. ဆင်ကိုယ်လုံးရော... ဆင်ကောင်ကြီး... ဆင့်ယောက်ဖ.. ဆင့်ခယ်မ.. ကြိုက်တာပြော.. ပေးဖို့ အဆင်သင့်။ ဆရာကြီး ကိုတာကလည်း အလုပ်တွေ အများကြီးလုပ်တဲ့သူကို ချီးကျူးတယ်ဆိုတာကလည်း ဆင်ခြေထဲမှာပါသေးတယ်။
နောက်ဆုံးတော့ ဘာဖြစ်လဲ...။ ကိုယ့် ဆင်ခြေတွေနဲ့ကိုယ် လုံးလည်ချာလည်လိုက်ပြီး ကိုယ့်ဟာကိုယ်ထမင်းငတ်နေတော့တာပေါ့။ လူကသာ စားစရာမရှိတယ်။ မာနကတော့ တစ်ပြားသားမှ မလျှော့။ မလိုဘူး။ ဘာညာ..သာရကာပေါ့။ သိတယ်မဟုတ်လား။ ကိုယ့်ဟာကိုယ်တော့ စိတ်ထဲကနေ အင်း.. ဂုရု.. အိတ်ကပ်လည်းပြား... လူလည်းဖားပီ.. မင်းဘာများ အဖြစ်ရှိလို့လည်း...လို့ အပြစ်ကတင်နေပီ။ လေလုံးကတော့ လုံးဝမလျှော့ဘူး။ ခုထိ မောင်ဂုရုကိုလာမေး.. ဘာကူရမလဲဆို.. မောင်ဂုရုကတော့ ပြန်ပြောလိုက်ဦးမယ်။ ကျွန်တော်ကရော.. ဘာပြန်ကူညီရမလဲဗျာလို့..။ သိတယ်မဟုတ်လား။ မောင်ဂုရုတို့က မာနနဲ့ အသက်ရှင်နေတာ။ ဦးတိန့်တို့ပေးတဲ့ မဟာအဆိုအမိန့်တွေနဲ့ ရှင်သန်နေတာ။
ဒါပေမယ့်ဗျာ... တစ်ခုပါပဲ။ မောင်ဂုရုသိချင်တာ.. အလုပ်မလုပ်ပဲ အလကားနေရင်း ပိုက်ဆံရမယ့် အလုပ်လေးများရှိရင် အကြံပေးစမ်းပါ။ လိုချင်လွန်းလို့ပါ။
Reference:
http://www.brainyquote.com/quotes/authors/d/deng_xiaoping.html

No comments:

Post a Comment