Thursday, January 28, 2010

ဒါဖတ်ပြီးမှ… အိမ်ထောင်ပြုပါ.. (ဟေ..ဟေ့)

တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ… ဗမာမှရယ်မဟုတ်ပါဘူး။ ဘယ်သူမဆို လူမှန်သမျှ အရေးကြီးတယ်လို့ ခံယူ ထားကြတာချည်းပါပဲ။ ခုမြင်ခုကြိုက် ခုယူ ဆိုတာတွေလည်း ရှိသလို… သေချာ စဉ်းစားစောင့်ကြည့်လေ့လာ သုံးသပ်အကဲခတ် မှတ်ကျောက်တွေ တင်ပြီးတော့မှ ယူကြသူတွေလည်း ရှိတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တစ်မိသားနဲ့ တစ်မိသား နှစ်ကိုယ့် နှစ်စိတ် တစ်အိပ်ယာထဲ ရွှေလည်တွဲလို့ ထမင်းရည်ပဲ လျက်လျက်.. ဟိုတယ်ပဲတက်တက်.. ရေရှည်ပေါင်းသင်းလာတဲ့ အခါကြတော့ … အမြင်မတူတာတွေ သဘောထားမတိုက်ဆိုင်တာတွေ ဖြစ်လာပြီး… အလိုမကျတာ… အလိုမမျှတာ… အပေးအယူမကိုက်တာလေးတွေကြောင့်… ဒေါသထွက် အမျက်သို.. မလိုလားနိုင်တာတွေဖြစ်လာတာပေါ့။ (ဆရာလုပ်တယ်မထင်ပါနဲ့။ အကောင်းပြောနေတာ။ ဟို နောက်ဆုံးတန်းက ကလေးတွေ ငြိမ်ငြိမ်နေကြ။)
အဲဒီတော့ ဘယ်လိုလေးတွေ ကြိုတင်ပြင်ဆင်ထားရင် ကောင်းမလဲ ဆိုတာ မောင်ဂုရုစဉ်းစားမိတာလေးပါ။ သမီးရည်းစား ဖြစ်ပြီး တွဲဖို့လောက်တော့ မောင်ဂုရုပြောတာတွေ နားထောင်မနေနဲ့တွဲသာတွဲ… ကွဲသာကွဲ… မင်းကောင်မလေးကို ခေါ်လာခဲ့ ငါတို့က ပြဲမှာပဲ။ အဲ… လူသိနတ်ကြား ပုဆိုးတန်းတင် အကြင်လင်မယား အဖြစ် ပေါင်းသင်းတော့မယ်ဆိုရင်တော့.. ဆက်ဖတ်ပေါ့နော…။
အိမ်ထောင်ပြုတော့မယ်ဆိုရင် လူယောကျာင်္းရော၊ လူမိန်းမရော ထည့်စဉ်းစားသင့်တယ်ထင်တာလေးတွေပါ။ သဘောမတူတော့လည်း.. သဘူမတောနဲ့ပေါ့ဗျာ.. ဘာပြောစရာရှိမှာတုန်း… မောင်ဂုရုတို့ က အကောင်းအကြံပေးတာ။
(၁) ပညာအဆင့်အတန်း
ကိုယ်ယူမယ့်သူရဲ့ ပညာအဆင့်အတန်းကလည်း လိုတာပဲဗျ။ ခင်ဗျားတို့ဘယ်လောက်ပဲ ဗမာပြည်ရဲ့ ပညာရေးကို ကောင်းတယ်ထင်ထင် မကောင်းဘူးထင်ထင်။ ဒီလိုခေတ်ထဲမှာ ဆယ်တန်းလေးမှ အောင်မထားရင် လိပ်ပက်လက်လှန်ထားသလို.. အဲလေ.. ဆယ်တန်းလေးမှ အောင်မထားရင် သူငယ်ငယ်က ဘာလုပ်နေတာတုန်းလို့ မေးရမှာပဲ။ မိသားစု အခြေအနေ၊ ဘဝပေးကံတို့ ပြောမယ်ဆိုရင် ခဏအောင့်ထားဦး၊ မောင်ဂုရုကတော့ အနည်းဆုံး ကိုယ်ယူမယ့်သူက ဆယ်တန်းလောက်တော့ အောင်သင့်တာပေါ့။ ကိုယ်တိုင်က မအောင်ရင်တော့ ဒီအချက်ထည့် မစဉ်းစားနဲ့။ သာတူညီမျှဖြစ်ဖို့တော့ လိုသေးတယ်လေ။
(၂) ငွေကြေး
ကိုယ့်နဲ့ သိပ်မကွာတာက ပိုကောင်းတယ်။ သိပ်ဆင်းရဲလွန်းတာ သိပ်ချမ်းသာလွန်းတာ တွေက အပေးနဲ့ အယူမှာ မမျှတ ဘူးလို့ ထင်တတ်တယ်။ အဲဒါတွေက စကားနာ ထိုးစရာ ဖြစ်လာပြီး … ဖင်မဲတာမမဲတာတွေတောင် မသိခင်က ကွဲတတ်တယ်ပေါ့ဗျာ..။
(၃) မိဘဆွေမျိုး
သူ့အသိုင်းအဝိုင်း ကိုယ့်အသိုင်းအဝိုင်း သင့်တင့်နိုင်ပါ့မလား ကြည့်ရသေးတယ်ဗျ။ အို .. ၂ ယောက်တည်းပေါင်းတာပဲ။ သူတို့ချင်း မသင့်မြတ်တော့ ရော ဘာဖြစ်သေးတုန်းလို့ ပြောချင်လည်း ပြော။ တကယ်တော့ ပါတ်သက်စပ်ယှက်မှုလေးတွေတော့ ရှိတာပါပဲ။ လင်မယား ၂ယောက် ရှိတဲ့အတွက် လင်ဘက် မယားဘက် ဆိုတဲ့ ဘက်၂ဘက်ကတော့ အနည်းနဲ့အများပါလာတာပါပဲ။ လင်ပိုစားလို့ မယားကြည်ပေမယ့် လင့်ညီက အသားလွတ် ခဏခဏ ဝင်ကြိတ်သွားတော့ မယားက ညိုညင်..။ လင်ကလည်း ထိုနောင်းလကီးဆိုရင်တော့ ဖင်မမဲကွဲ..ပဲ။
(၄) အတွေးအခေါ်
သူ့အတွေးအခေါ်က ကိုယ့်ထက် သိပ်နိမ့်နေလွန်းရင် လည်း မကောင်းဘူး။ ကိုယ်ဘာပြောလို့ ပြောမှန်း သိမှာ မဟုတ်ဘူး။ ကိုယ်လွယ်လွယ်လေးမြင်တာကို သူ့ပြန်ရှင်းပြနေရတာက တစ်ထောင့်တစ်ည ဖြစ်သွားတာနဲ့ ပဲ ကလေးက ၃ နှစ်လောက် နောက်ကျမှ မွေးရတယ် ဖြစ်နေမယ်။ သိပ်မြင့်လွန်းတဲ့သူကျတော့လည်း ကိုယ်က လိုက်မမှီလေတော့ လိုက် မှီအောင် အတင်းကြိုးစားတော့ ကိုယ်ပဲ စိတ်ညစ်၊ မကြိုးစားပဲ ထားတော့လည်း သူက ပြောလို့ဆိုလို့ မရတော့ သူ့ ဂွင်ရဲ့ အပြင်ကို ရောက်သွားရင်းက လင်မယားချင်း အလှမ်းဝေးပြန်ရော။ ဒါကြောင့် အတွေးအခေါ်ကလည်း မကွာဟလေပါမှ ဖင်လည်းမမဲ… အိုးလည်း မကွဲဖြစ်မှာကိုး။
(၅) အကျင့်စရိုက်
ဒါကတော့ ရှင်းတယ်။ ဒါပေမယ့် အသေးတော့စိတ်တယ်ဗျ။ သူ့အကျင့်၊ ကိုယ့်အကျင့် နည်းနည်းတော့ ကီးကိုက်ဖို့လိုသေးသဗျ။ ကိုယ်က စိတ်ညစ်ရင် ကာရာအိုကေ ကောက်ဆိုပြီး ဖြေဖျောက်တယ်။ သူက စိတ်ညစ်ရင် တစ်ယောက်တည်း ငြိမ်ငြိမ်လေး နေချင်တယ်။ ၂ ယောက်စလုံး ပြိုင်စိတ်ညစ်စရာတွေက နေ့စဉ်နီးနီးရှိနေတော့ တစ်အိမ်ထဲမှာ.. ဘယ်လိုမှ ကီးက မကိုက်ချင်တော့ဘူး။ အဲဒီတော့ ဘာဖြစ်လည်း နောင်ဂျိန်.. နောင်ဂျိန်ပေါ့ဗျာ။ ဆေးလိပ်နံ့တောင် မခံနိုင်တဲ့ မိန်းမနဲ့ ဖွတ်ဖင်ထိုးအောင် သောက်တဲ့ ယောကျာင်္း.. လင်မယားဖြစ်နေတာတော့ တစ်ပုံကြီးပေါ့။ သူတို့တွေ နောင်ဂျိန်တွေ တစ်ပုံကြီးပဲလေ။
(၆)ရုပ်ရည်
ကြည့်ပျော်ရှုပျော်တော့ ဖြစ်ပေါ့ဗျာ..။ ဆိုလိုတာက ယောကျာင်္းလည်း ယောကျာင်္းအလျောက် မိန်းမလည်း မိန်းမအလျောက် တော့ ပီပီပြင်ပြင်လေးပေါ့။ ဒါကို ဆိုလိုတာပါ။ သိပ်ချောလွန်းတော့လည်း စိတ်မချရ၊ သိပ်ရုပ်ဆိုးလွန်းတော့လည်း ပွဲလည်မတင့်…၊ သင့်တင့်ဖို့ဆိုရင် ပိုကောင်းတာပေါ့။
(၇) ကလေး
ကလေးလိုချင်တာ မလိုချင်တာကလည်း မျှဦးမှ။ ကိုယ်က လိုချင်၊ သူကမလိုချင်ဆိုရင် သူများဝင်ကူမှ ကလေးတစ်ယောက် မွေးတော့မှာပေါ့။ (မဟုတ်ပါဘူး။ ချက်ကို လက်နဲ့ လာရစ်ပေးမှ ကလေးမွေးတာကို ပြောတာပါ။)
(၈)ရိုးသားမှု
မောင်ဂုရုဆိုလိုတဲ့ ရိုးသားမှုဆိုတာ ရိုးဖြောင့်တာကို ပြောတာပါ။ ထုံအတဲ့ ရိုးအတာကို ပြောတာမဟုတ်ပါဘူး။ ရိုးဖြောင့်တဲ့ အိမ်ထောင်ဖက် ဖြစ်မှလည်း တစ်ဦးကို တစ်ဦး နောက်ကျောလုံမှာကိုး။
(၉) အနာရောဂါ
အနာရောဂါလည်း ကင်းရှင်းဦးမှဗျ..။ ဘယ့်နဲ့ စိတ်ချမ်းသာချင်လို့ အိမ်ထောင်ပြုပါတယ်ဆိုမှ။ လူမမာချည်း စောင့်နေရလို့တော့ မဖြစ်သေးဘူးလေဗျာ။ နောက်ပြီး သိတယ်မဟုတ်လား ခုခေတ်က တယ်လည်း ရောဂါတွေက ကူးတတ်တာကိုး။

ဟာ..ဒီလောက်တောင် ဘယ်လိုလုပ်မလဲ… ရှာနေရမှာပေါ့။ ဖိနပ်ပါး ထမင်းထုပ်ကုန်ပဲ ဖြစ်မှာပေါ့။ လို့ပြောကြရင်လည်းပြောပါ။ ဒီအချက်တွေဟာ ညှိယူရမှာတွေပါ။ ညှိလို့ရမှ အိမ်ထောင်ပြုတော့ ပြသနာတော်တော်များများကို စလယ်တွေဘာတွေ ဝင်တောင် မဝင်ခင်ထဲက ပြေလည်အောင် ဖေခင်လုပ်လိုက်ပြီးသား မဖြစ်ဘူးလားဗျာ..နော။
Reference:
မောင်ဂုရု၏ ထင်ရာမြင်ရာ အတွေးအခေါ်များ အပိုင်း(၂.၈)

No comments:

Post a Comment