(ဒီအကြောင်းအရာလေးက management and leadership အကြောင်းဆွေးနွေးတုန်းက မောင်ဂုရု တရားဝင် စာတမ်းတင်ပြီး ဆွေးနွေးထားတဲ့အကြောင်းအရာလေးပါ။ )
မောင်ဂုရုတို့ တောက အိမ်က တိုက်ခံအိမ်အမျိုးအစား၊ မော်လမြိုင်အိမ်ပုံစံပေါ့။ အောက်ဖက်က အုတ်ညှပ်တိုက်.. အပေါ်ရောက်တော့မှ သစ်သားတွေနဲ့ပါ။ ရှေ့မှာ ဝရန်တာနဲ့ ဘေးကနေ လှေကားနဲ့ အပေါ်တက်ရတာပေါ့။ မောင်ဂုရုတို့က အပေါ်မှာ လူနေပါတယ်။ အောက်ထပ်မှာတော့ ဟိုဟာထား၊ဒီဟာထား၊ ထားစရာမရှိရင် ပြောင်သလင်းခါနေတာပေါ့။ အိမ်ကြီးကတော့ တော်တော်ဟောင်းနေပါပြီ။ ဒါပေမယ့် တိုင်တွေက ပျဉ်းကတိုးတိုင်တွေဗျ။ တိုင်လုံးကြီးတွေ။ ဒီဘက်ခေတ်မှာတော့ ဘယ်လိုမှ ဆောက်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒီအိမ်ကြီးကလည်း မောင်ဂုရု တို့ ဘိုးဘွားတွေလက်ထက်က ဆောက်ခဲ့တာပါ။ သူတို့ လွန်တော့ မောင်ဂုရုအဖေအမေများက အမွေရတာပေါ့။ မောင်ဂုရုတို့ အဖေအမေများ ရိုးရိုးလခစားလေးတွေ ကျောင်းသား ၃ ယောက် ကျောင်းထားနေရတာ။ ဘယ်ဆောက်နိုင်မတုံး။ ဒါမျိုးအိမ်ကို။( ဒါက background situation and rationale ပေါ့။ နောက်တစ်မျိုး situational analysis ပေါ့။) ဒီအိမ်ကြီးမှာက ဘာကောင်းလည်းဆိုတော့ ကျယ်တယ်ဗျ။ အိမ်ရှေ့ကနေ အိမ်နောက်ထိ အကျယ်ကြီးပဲ။ မောင်ဂုရုတို့က အပေါ်ထပ်မှာပဲနေတာတောင် တစ်ယောက်တစ်ခန်းနေနိုင်တဲ့ အပြင် အခန်း လွတ်တွေ ရှိသေးတယ်။ အိမ်မကြီး အလယ်မှာက အဖေ ကျူရှင်သင်သေးတယ်။ အောက်ထပ်က တော့ အလွတ်ပဲ။ (strength and opportunity analysis လေးပါ။) မကောင်းတာက တံခါးပေါက်တွေများတယ်။ လူကလည်းနည်းတော့ အဲဒီတံခါးပိတ်ဖို့ကို တစ်ယောက်နဲ့ တစ်ယောက် တွက်ကပ်နေကြတာပဲ။ ၁၉၉၀ နောက်ပိုင်းကျတော့ ဆေးသုတ်ရတာတစ်ခုပိုလာတယ်။ အိမ်ကကြီးတော့ ဆေးတစ်ခါတစ်ခါ သုတ်ရတာ သိပ်မလွယ်လှဘူး။ ဟိုးတုန်းကတော့ ရေနံချေးလေးဘာလေးသုတ်လိုက်တာပေါ့။ နောက်ပိုင်းကျတော့ တော်ကြာ အနီရောင်သုတ်ခိုင်းလိုက်၊ တော်ကြာ အစိမ်းရောင်သုတ်ခိုင်းလိုက်နဲ့ ခဏခဏ ပြောင်းခိုင်းတော့ တော်တော်လေးခွကျပါတယ်။(ဒါကတော့ weakness ပေါ့။) ညအိပ်တော့မယ်ဆိုရင် တံခါးလိုက်ပိတ်ရတာက အလုပ်တစ်ခု။ ကြောက်နေရတာက မီးရေးထင်းရေးရယ်၊ သူခိုးရယ်ပဲ။ အပေါ်က သစ်သားတွေဆိုတော့ မီးရေးထင်းရေးက တော်တော်စိုးရိမ်ရပါတယ်။ (ဒါလေးက threat analysis ပေါ့။)
ဒါပေမယ့်ဗျာ.. သိတယ်မဟုတ်လား။ ကိုယ့်အိမ်ဆိုတော့ ခေတ်ဆန်စေချင်တယ်။ သာသာယာယာ ဖြစ်စေချင်တယ်။ သူများတွေကြည့်လိုက်ရင် ခမ်းနားစေချင်တာပေါ့ဗျာ။ (ဒါက ဖြစ်ချင်တာ what should be ပေါ့ဗျာ။) တကယ်တန်းကျတော့ တော်တော်လေးကြာမှ သိလာရတာက ခြတွေတက်နေတာဗျ။ အရင် ရေနံချေးပဲသုတ်တုန်းကတော့ မသိဘူး။ နောက်ပိုင်း ဟိုအရောင်မှ ဒီအရောင်မှ ဖြစ်လာတော့မှ ခြတွေက ကောင်းကောင်း လိုက်လာတာ။ (ဘာ ဖြစ်နေတယ်ဆိုတဲ့ what is ပါ။) အဲဒီမှာ ဇာတ်လမ်းစတာပဲ။ ပြသနာစတက်တော့တာပဲ။ ( problem is the gap between what is and what should be)။ ခြက အောက်ခြေမှာ ကျတော့ မြင်သာတယ်ဗျ။ အုတ်နံရံဆိုတော့ လမ်းကြောင်းလေးတွေ မြင်နေရတာကိုး။ အပေါ်လည်းရောက်ရော သစ်သားတွေထဲဝင်သွားပြီး အတွင်းက လှိုက်စားတော့တာပဲ။ ဘယ်လောက်ခြကိုက်နေပြီလဲဆိုတာ အမြင်လေးနဲ့တော့ လုံးဝ မသိဘူးဗျ။ လိုက်ခေါက် ကြည့်မှသိတာကိုး။ ဆင့်တန်းတွေထိ တက်ပြီး ခေါက်ကြည့်ဖို့ဆိုတာကလည်း မလွယ်လှဘူးဗျ။ ( နောက်ထပ် ပြသနာကို ထပ်ပြီး problem situational analysis and problem SWOT analysis ထပ်လုပ်ထားတာပါ။ ) အဲ.. ဒါပေမယ့်။ သူ့အပေါ်ကမျှားတန်း က ပိပြီး ချိုင့်သွားရင်တော့ တက်မခေါက်ကြည့်ပဲလည်း ခြတက်နေပြီဆိုတာ သိရတာကိုး။ ဒါကလည်း ဖြစ်တောင့်ဖြစ်ခဲပါ။
အဲဒီလိုတွေ ဖြစ်လာတဲ့အခါကျတော့.. တံခါးပိတ်တွက်ကပ်တာရယ်၊ မီးရေးထင်းရေးရယ်၊ သူခိုးကပ်မှာစိုးရိမ်ရတာရယ်၊ ခြစားတာရယ်၊ ပြသနာ ပေါင်းစုံကို ဘယ်ဟာ အရင် ဖြေရှင်းရမလဲဆိုတာ ဆုံးဖြတ်ကျတာပေါ့ဗျာ။ (problem prioritization လုပ်လိုက်တာပါ။ FINER method တို့ subjective and objective method တို့ကတော့ ရိုက်ရတာ လက်ညောင်းလို့ မထည့်တော့ပါဘူး။) နောက်ဆုံးကျတော့ ခြက အရေးအကြီးအဆုံး ဖြစ်လာတာပေါ့။ ဒါနဲ့ တစ်ခါထပ်ပြီးတော့ ခြဘယ်လိုတက်တယ်။ ဘယ်ကနေတက်တယ်။ ခြလမ်းကြောင်း ဘယ်လိုရှိတယ်။ အကုန်ပေါ့ဗျာ။ ခြနဲ့ ပါတ်သက်တာ အကုန် ကြည့်ရတာပေါ့။ အဲဒီမှာ တွေ့လာတာက ခြက အောက်ထပ်မှာ သိသာတယ်ဗျ။ မြင်သာတယ်။ ရှင်းရတာလည်း လွယ်တယ်။ လမ်းကြောင်းလေး ပွတ်ချေပြီး ဒီဇယ်လောင်းလိုက်ရင် ပြတ်တာပဲ။ နေပေရော့ အဲဒီလမ်းကြောင်းကတော့ နောက် ၂ လ ၃ လ ပြန်မတက်တော့ဘူး။ ခြကလည်း အောက်ထပ်မှာ ကျတော့ လောက်လောက်လားလား စားလောက်စရာမရှိဘူးလေ။ တိုက်ခံအိမ်ကိုး။ သူက အပေါ်တက်ဖို့ လမ်းကြောင်းရှာတာသက်သက်ပဲဟာ။ တစ်ခုပဲ။ ဒီလမ်းကြောင်းဖျက်လိုက်ရင် နောက်လမ်းကြောင်း ရှာပြီးတက်ပြန်တာပဲ။ ဒါပေမယ့် စောစောကအတိုင်းပဲ ရှင်းလိုက်ပြန်ရင် နေပေရော့ ၂ လ ၃ လ။ ခက်တာက အပေါ်ထပ်မှာပဲ။ သစ်သားပေါ် ရောက်တာနဲ့ ခြက မမြင်ရတော့ဘူး။ အတွင်းထဲ ဝင်သွားလိုက်တာ ဘယ်လို လမ်းကြောင်းက သွားမှန်းကို မသိတော့တာပဲ။ အမြင်နဲ့တင် ပြောလို့ မရတော့ဘူး။ လိုက်ခေါက်ကြည့်ရတယ်။ လှိုဏ်သံပါရင် ခြစားနေပြီ။ လှိုဏ်သံမပါရင် ခြမစားသေးဘူးပေါ့။ ဒါပေမယ့် တကယ်တန်း အပေါ်တက်ပြီး လိုက်ခေါက်နေတော့လည်း အဆင်မပြေဘူးဗျ။
စိတ်ထဲမှာ မသေချာဘူးပေါ့။ ရမ်းသန်းပြီး ပြောနေရသလိုပဲ။ သေချာပေါက် ကျွမ်းကျင်တဲ့သူရဲ့ သုံးသပ်ချက်လိုတာပါ။ ဒီတော့ လမ်းထိပ်က လက်သမားဆရာကို ခေါ်ပြီး ဘယ်တန်းတွေ ဘယ်ဆင့်တွေ ဘယ်ယောက်တန်းတွေ ဘယ်မျှားတန်းတွေ ခြစားနေသလဲ ဆိုတာ ပြရတယ်။ သူက တော့ တန်းပြောတာပဲ။ အမြင်လေးနဲ့ တင် ဟိုတန်း ဒီတန်းပေါ့ဗျာ။ ယုံစရာတောင်မရှိဘူး။ အမြင်လေးနဲ့ ပြောတာ။ ဘယ်လက်ခံမလဲ။ မောင်ဂုရုတို့ အဖေက နောက်တစ်ယောက် ထပ်ခေါ်ဆိုခိုင်းတာပဲ။ နောက်တစ်ယောက်လာလဲ။ ဒီလိုပဲ။ ကြည့်ယုံပဲ ကြည့်ပြီးပြောတာပဲ။ ပထမလူပြောသွားတာတွေပါပဲ။ ဒါနဲ့ နောက်ဆုံးတော့ ကိုယ်တိုင်တက်ပြီးခေါက်ကြည့်။ ဟုတ်တယ်ဗျာ။ သူတို့ ပြောတာတွေ အကုန် ကွက်တိ။ (Problem situational analysis and problem identification နဲ့ use of out-source person ပေါ့ဗျာ။ trust management တို့ policy adjustment တို့ လည်း ပါသေးတာပေါ့။ )
အဲဒီတော့ ခြစားနေတာတော့ သေချာပြီ။ ဒီခြတွေကို ဘယ်လို လုပ်မလဲ။ ခြတက်နေတဲ့ တန်းတွေ ကို ဖယ်ပစ်လိုက်ယုံနဲ့တော့ မဖြစ်သေးဘူး။ တက်ဆဲ၊ တက်လတ္တံ့၊ ခြတွေကိုပါ ရှင်းမှပဲ ခြပြသနာ ပြေလည်မှာကိုး။ ဒီတော့ အပိုင်း (၂) ပိုင်းခွဲပြီး ကိုင်တွယ်မယ်လို့ လျာထားလိုက်တာပေါ့။ ခက်တာက မြေကြီးထဲက ခြကို ဘယ်လို ရှင်းမလဲ မသိဘူးဗျ။ ပြီးတော့ ခြတက်နေတဲ့ တန်းတွေကို မဖယ်တတ်ဘူး။ ဖယ်လိုက်ရင် ပြိုကျမှာလေ။ ဒီတော့ တတ်သိနားလည်တဲ့သူကို ခေါ်ပေါ့။ လုပ်တတ်တဲ့သူကို ခေါ်တော့လည်း အလကားတော့ ဘယ်ရမလဲ။ ပိုက်ဆံဘယ်လောက်ကုန်မလဲ ဆိုတာက လည်း အရေးပါလာပြန်ရော။ ဟာ … ဈေးတွေလိုက်မေး၊ ကုန်ကျစရိတ် အကြမ်းတွက်ခိုင်း၊ လုပ်ရတာပေါ့ဗျာ။ (limitations and resource assessment လေးလုပ်ရတာပေါ့ဗျာ။ pros and cons တွေကိုလည်း တစ်ပါတည်းလုပ်တာပေါ့။) အဲဒီတော့မှ ကိုယ့်ရှိတဲ့ ပိုက်ဆံလေးနဲ့ ချိန်ပြီး တန်းလဲတာတော့ လူခေါ်လုပ်မယ်။ မြေကြီးထဲက ခြကိုတော့ ကိုယ်တိုင်ဆေးပြားထည့်ပြီး သတ်မယ်။ စသည်စသည် လုပ်ရမယ့် အလုပ်လေးတွေပေါ်လာတယ်။ ဘယ်အချိန်မှာ ဘာပြီးအောင်လုပ်မယ်။ ဘယ်လောက်ပြီးအောင်လုပ်မယ် ဆိုတာတွေ ပါ အပြီး လုပ်ရတာပေါ့။ ဟုတ်တယ်လေ။ တော်ကြာ တန်းလဲပြီး ပိုက်ဆံမရှိလို့ လူမရှိလို့ ဆိုမြေကြီးထဲက ခြ မသတ်ရင် တော်ကြာကျ ပြန်တက်၊ အပေါ်တန်းခြပြန်စားနဲ့ ဂျာအေးကို သူ့အမေရိုက်နေမှာလေ။ (Objective defining, activity plan, methodology, operational cost and feasibility လုပ်နေတာလို့တော့ ဘုတ်အုတ်ကြီးမှာ ပြောတာပဲ။)
ဟုတ်ကပြီ။ စတော့မယ်ဆိုတော့မှ။ ဟာ.. စလို့မရသေးဘူး။ ဘယ်သူက ဘာလုပ်မှာလဲ။ လာထား… မောင်ဂုရုတို့အဖေက ခြနှိမ်နှင်းရေး ကော်မတီ CEO ပေါ့ဗျာ။ အမေကတော့ finance and supply management director ပေါ့။ အကို အကြီးဆုံးကတော့ တန်းလဲတာကြီးကြပ် ပေါ့။ အကိုအလတ်က မြေအောင်းခြ သတ်ပေါ့။ မောင်ဂုရုကတော့ သူတို့အားလုံးခိုင်းတာ တောက်တိုမယ်ရလုပ်ပေါ့။ ဒီလို လူတွေ တာဝန်ခွဲလိုက်တာကိုး။ (organizing man power, delegation of authority, စတာတွေနဲ့ effective management ရအောင် ဆောင်ရွက်ခြင်းပေါ့။)
လာပါပြီ။ စလုပ်ပါပြီ။ ဇာတ်လမ်းက ခုမှစတာ။ မောင်ဂုရုတို့ အကို အကြီးဆုံးက လက်သမားကို ဈေးသက်သာတာ ငှား။ ပိုက်ဆံပိုပြ။ သစ်သားသိပ်မကောင်းတာတွေဝယ်။ အကောင်းဈေးတင်။ ရတတ်သလို ဗုန်းတဲ့ အခါကျတော့ တန်းတွေလဲပြီးတော့မှ အမိုးက နိမ့်တဲ့နိမ့်၊ မြင့်တဲ့နေရာမြင့် ဖြစ်နေရော။ လတ်တလောတော့ ခြကင်းစင်သွားပါရော။ အကို အလတ်က သိပ်ရစရာမရှိတော့ ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့၊ အချိန်ဆွဲပြီး မုန့်ဖိုးပိုတောင်း၊ ဆေးရှားလို့ လိုက်ရှာနေရတာဆိုပြီး မုန့်ဖိုးပိုတောင်းနဲ့ ကြာလာတော့ အမေက နင့်ဟာက မဟုတ်သေးပါဘူးဟယ်။ ငါ့မှာ တန်းတွေလဲလိုက်ရလို့ ပိုက်ဆံနည်းနေပြီ၊ ပြီးတော့ သူများအသက်သတ်ရတာ အကုသိုလ် ကြီးပါတယ် ဆိုပြီး မြေအောင်းခြများကို ဆက်မသတ်တော့ဘူးဗျ။ နောက် ထပ်တက်တဲ့ ခြကမှ ပိုတောင် ဆိုးသေး။ သစ်ပွတွေဆိုတော့ ကောင်းကောင်းဝင်ရတာလွယ်တာလေ။ ပိုတောင် ကောင်းသေး။
နောက်ဆုံးဖြစ်ရပ်အနေနဲ့ မောင်ဂုရုတို့အဖေ ရာထူးတိုး အလုပ်ပြောင်းရတဲ့အခါကျတော့ အိမ်ကို ပိတ်မထားတော့ပဲ အပြီးရောင်းလိုက်ပါတော့တယ်။
(Planning မှာ သေချာလုပ်ခဲ့ပေမယ့်၊ Implementation ရော Evaluation မှာရော သေချာ မလုပ်မိတဲ့ အခါကျတော့ မောင်ဂုရုတို့ ငွေကုန် အရာမရောက် ဖြစ်ခဲ့ရပါတယ်။ ခု ဒီ ဘလော့ဂ်ကိုလည်း မောင်ဂုရုက အစအဆုံးရေးရမှာ ဖြစ်ပေမယ်လို့ စာမေးပွဲတုန်းက planning ပဲ hot spot ထွက် လို့ အဲဒါပဲ ကျက်ခဲ့မိတဲ့ အတွက် အဲဒီအထိကို မေးခွန်းနဲ့ ကိုက်ယုံပဲ ဖြေတတ်ပါတယ်။ ဆက်ပြောရင် ပို မှားမှာ စိုးလို့ ဆက် မပြောတော့ပါဘူး။ ဒီလောက်နဲ့ ရပ်ခွင့်ပြုပါ။ နောက်များမှ ဘုတ်အုတ်ကြီး ယောင်ယမ်းလို့ ဖတ်မိတော့မှ ဆက်ပြောပါ့မယ်။ )
Reference:
Google မှာ general principles of management ရယ် general principles of leadership ရယ် လို့ ရိုက်လိုက်ရင် ရလာတာတွေ ကို ကိုးကားထားပါတယ်။
No comments:
Post a Comment