Friday, January 31, 2014

ယုတ္တိအမှား (၂)၊ မျိုးရိုး

ကြားဖူးကြမှာပါ။ “သူတို့မျိုးက အရူးမျိုး”တို့၊ “ဟဲ့ မျိုးမကောင်းလေးရဲ့” တို့၊ “ဒီမျိုးမစစ်ကောင်ပြောတာများ”တို့ဆိုတာ တွေကို နေ့စဉ်မဟုတ်တောင်၊ ရင်းနှီးတဲ့ အသုံးအနှုံး အနေနဲ့တော့ သိကြမှာပေါ့။ ဒီစကားလေးတွေက သေးနုတ် သိမ်ဖျင်းပေမယ့် တော်တော်တော့ တာသွားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးတာပဲ ဖြစ်ဖြစ်၊ အကြံပေးတာပဲ ဖြစ်ဖြစ်၊ ညွှန်ကြားတာပဲဖြစ်ဖြစ်၊ ဒီလိုကောင်မျိုး ပြောတာကတော့ ရွှေထွက်တောင် အလကားပါကွာ ဆိုတာမျိုးကြောင့် အင်မတန် ကောင်းလှပါတယ် အကျိုးရှိလှပါတယ်ဆိုတဲ့ ဆွေးနွေးချက်၊ အကြံပေးချက်၊ ညွှန်ကြားချက်တွေဟာ ရေစုန်မျောသွားတတ်ပါတယ်။
ရာဇဝင်ကို ပြန်ကြည့်ရင် ပုပ္ပါးစောရဟန်းမင်း ကို မထင်မရှား တွေ့ရမှာပါ။ တကယ်တော့ ဒီမင်းဘာတွေလုပ်ခဲ့သလဲ၊ ဘယ်လောက်ကောင်းခဲ့သလဲ၊ သိပ်မသိကြပါဘူး။ တကယ်တော့ ဒီမင်းဟာ အလုပ်တွေတော်တော်များများကို ပျိုးထောင်ခဲ့တဲ့ မင်းပါ။ အချိန်ကာလတွေကို တိကျစေခဲ့တယ်။ ပညာရှိတွေကို အတန်းအစားခွဲခြားပေးခဲ့တယ်။ အလုပ်အကိုင် တွေကို စနစ်တကျ အုပ်စုများသတ်မှတ်ပေးခဲ့တယ်။ အရန်စစ်အင်အား ဖွဲ့စည်းပုံအခြေခံတွေကို လွယ်ကူအောင် ပြန်လည် ပြင်ဆင်ခဲ့တယ်။ အခြေခံအုတ်မြစ်ကောင်းတွေ အများကြီး ချမှတ်ပေးခဲ့တာပါ။ သို့သော် အပြောမပါတော့ အရာမဝင် သမိုင်းမထင်ခဲ့ရှာပါဘူး။ သက္ကရာဇ်ဖြိုတဲ့ မင်းတစ်ပါး အနေနဲ့သာ သိကြသလို။ ဒီမင်း အဖြိုမတတ်ရင် သေမှာဆိုတဲ့ ရာဇဝင် အူပေါက် ကောက်ချက်သာ တွင်ကျယ်ခဲ့ပါတယ်။
တကယ်တော့ လူတော်တော်များများရဲ့ အာရုံစူးစိုက်မှုနဲ့ စိတ်ဝင်စားမှုက လတ်တလော ထင်ပေါ်ကျော်ကြားလူသိများတဲ့သူရဲ့ အပြောအဆို အပြုအမူ အတွေးအကြံကို သာ ကောင်းတယ်ထင်တတ် တာပါ။ မထင်မရှား လူက ပြောရင် ဘယ်လောက် မိုးပျံနေပါစေ။သိပ်ဂရုမစိုက်တတ်ကြပါဘူး။ အဲ.. လူမုန်းများပေ့ဆိုတဲ့ လူကများပြောရင် ဘယ်လောက် ကောင်းကောင်း.. ဆန့်ကျင်ဘက်တောင် လုပ်ဦးမှာပါ။
ဒီလိုမျိုး အကြောင်းအရာထက် ပြောတဲ့သူကြောင့် ဦးတည်ချက် မှေးမှိန်တာ၊ ဆန့်ကျင်ဘက်ဖြစ်ရတာတွေဟာ... မျိုးရိုးကြောင့်ဖြစ်တဲ့ ယုတ္တိအမှားတွေပါပဲ။
ရလဒ်ကောင်းလှချည်ရဲ့ဆိုရင်လည်း ဘယ်သူက ပြောမှန်းမသိရင် ထင်ရှားတဲ့သူကို ကောက်နံမည်တပ်ချင်တတ်ကြပါသေးတယ်။ တစ်ခြားမကြည့်ပါနဲ့ မင်္ဂလသုတ်မှာ “အထခေါ အညတရ ဒေဝတာ” လို့ ပါဠိလိုလာတာကို မထင်မရှားနတ်သားလို့ မပြောချင်တော့ သိကြားမင်း က မြတ်စွာဘုရားကို မေးလျှောက်တယ်လို့ အနက်မှား ပြန်ပေးကြတာကို လူသူတော် များက ဖန်တီးထားတာ တွေ့နေရတာပဲဗျာ။ ဒါမျိုးက မျိုးရိုးလိုက်ချင်တဲ့ အမှားတွေပါ။
အင်မတန် လည်ဝယ်ကြတဲ့ နိုင်ငံရေးသမားများကတော့ ကိုယ့်အပေါ် လူတွေ ဘယ်လိုသဘောထားသလဲ ဆန်းစစ်ပြီး ချစ်တဲ့သူများရင် တည့်တည့်ပြောပြီး ဆွဲဆောင်ပါတယ်။ လူမုန်းများရင်တော့ ဆန့်ကျင်ဘက်ကို ပြောပြီး ကိုယ်ဖြစ်ချင်တာကို အကောင်အထည် ဖေါ်တတ်ပါတယ်။ ဝန်ကြီးချုပ်ဦးနုက ဒီလိုမျိုး နည်းတွေကို သုံးလေ့သုံးထရှိပါတယ်။ ဒါကြောင့် သူ့နံမည်မကောင်းပေမယ့် နိုင်ငံရေးလောကမှာ ထိပ်ကနေ နေခဲ့တာပါ။
ဒီနေ့ကမ္ဘာ့နိုင်ငံတော်တော်များများမှာ.. ဒီအန်အေ ပြောင်းလဲတဲ့ အလုပ်ကို ပိတ်ပင်ထားတာတွေ့မှာပါ။ ဘာကြောင့်ပိတ်တာလဲ။ တကယ်တော့ ဒီအလုပ်ကို စလုပ်ချင်ခဲ့တဲ့သူကတော့ လူတကာချစ်တဲ့ စူပါမစ်မဟုတ်ပါဘူး။ အဒေါ့ဖ်ဟစ်တလာပဲ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီလို ဒီအန်အေကို ပြောင်းဖို့ လုပ်တာဟာ ဖက်ဆစ်တွေရဲ့ အလုပ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဟစ်တလာ စခဲ့တဲ့ ရေမပါပဲ မောင်းလို့ရတဲ့ ဗောက်စ်ဝက်ဂွန်တို့၊ လမ်းမိုင်နှုန်းသတ်မှတ်ချက်တို့ ဆိုတာတွေဟာ ခုကမ္ဘာအရပ်ရပ်မှာ ကျင့်သုံးနေရတဲ့ စနစ်ဖြစ်မနေဘူးလားဗျာ။
လူကောင်းတယ် မကောင်းဘူး ဆိုတာထက် မူကောင်းတယ်မကောင်းဘူးဆိုတာက ပို အရေးကြီးသလား ဆိုတာ စဉ်းစားစရာပါ။
သေချာတာကတော့ ကောင်းတဲ့လူက မကောင်းမကန်း တွေ ထိုးကျွေးနေလို့ ကောင်းမှာပဲ ဆိုပြီး ဟပ်လိုက်ရင်ဖြစ်ဖြစ်၊ မကောင်းတဲ့သူက ကောင်းပေ့ဆိုတာ တွေ ထိုးကျွေးနေလို့ ဒီကောင်ကျွေးတာ ကောင်းမှာ မဟုတ်ပါဘူးဆိုပြီး ပုတ်ချလိုက်ရင် ဖြစ်ဖြစ်၊ ဒီလို အမှားမျိုးကို မျိုးရိုးယုတ္တိအမှားလို့ ခေါ်တယ်နော.....

No comments:

Post a Comment